သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲတွင် စစ်ကောင်စီပစ်လက်နက်ကြီးကျည် ထိမှန်၍ ကလေးငယ် တစ်ဦး သေဆုံး၊ ၃ဦး ထိခိုက်ဒဏ်ရာရ

ရက္ခိုင်ပြည်၊ သတွဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့် ယနေ့ မေလ ၂၀ရက်၊ နံနက် ၁၁ နာရီခွဲ အချိန်တွင် ကလေးငယ် တစ်ဦးသေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

သေဆုံးခဲ့သူမှာ သဲတွဲမြို့နယ်၊ ခမောင်းတုန်းရွာမှ အသက် ၈နှစ်ခန့်ရှိ မောင်ဘိုအောင်တင် ဖြစ်သည်။

ထို့အပြင် ခမောင်းတုန်းရွာမှ ၁၀နှစ်အောက် ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ နံနက် ၁၁ နာရီခွဲအချိန်၌ သံတွဲမြို့နယ်တွင် စစ်ကောင်စီရေတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေး တစ်ဦးသေဆုံးခဲ့ရသည့်အပြင် ဒေသခံ ၃ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သံတွဲဒေသခံ တစ်ဦးက AB News သို့ ပြောဆိုသည်။

” ကွမ်းဝိုင်းရေတပ်စခန်းက ဒီနေ့ တစ်မနက်လုံး လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်။ ၁၁ နာရီခွဲအချိန်မှာ ခမောင်းတုန်းရွာရဲ့ စာသင်ကျောင်းအနောက်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။အဲ့ဒါကြောင့် ပေါက်ကွဲတဲ့ နေရာနဲ့ အနီးမှာ ရှိတဲ့ ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် နေရာ၌ပင် မောင်ဘိုအောင်တင်မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ် တစ်ဦးအပါအဝင် ၃ဦးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၈ရက်နေ့တွင် သံတွဲမြို့နယ်၊ နတ်တောင်မော်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲမှုကြောင့် ဒေသခံရွာသား ၇ ဦးသေဆုံးခဲ့ရသည်။

လက်ရှိတွင် သံတွဲမြို့နယ်၊ လင်းသီရွာအနီးတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ် အရှုံးနှင့် ရင်ဆိုင်နေရကာ အကျအဆုံး အများအပြားရှိကြောင်း ဒေသခံများက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ