
AB News – သြဂုတ် ၉ ၊ ၂၀၂၅
ချန်ဒြာ
ဧရာဝတီတိုင်း၊ လေးမျက်နှမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ် စက်စက်ယိုကျေးရွာနှင့် ဘုန်းကြီးကျောင်းအတွင်း ခြေကုပ်ယူထားသော စစ်ကောင်စီ၏တပ်စခန်းများကို အာရက္ခတပ်တော်(AA) က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။
ကျေးရွာအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အာရက္ခတပ်တော်(AA) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နေစဥ် စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးရင်းမြစ်များက ဆိုကြသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အမြောက်အများသေဆုံးခဲ့ပြီး စစ်လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း တချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီး Paramotor များသုံးပြီး တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်အချို့ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
ထို့နောက် ထွက်ပြေးသွားလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများသည် အမြောက်တပ် အမတ (၃၄၄) မှ စစ်ကူလာသော စစ်ကြောင်းနှင့် ပူးပေါင်းကာ ခုခံတိုက်ခိုက်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။