
AB News – ဒီဇင်ဘာ ၂၈ ၊ ၂၀၂၅
ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများတွင် မဲပေးသူမရှိ ဖြစ်နေ၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများကို မဲလာပေးကြရန် အိမ်တိုင်ရာရောက် လိုက်လံပြီး ခြိမ်းခြောက်၍ ခေါ်နေရကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၊ ရပ်ကွက် ၁ တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုး စိန်ဝင်းမြင့်နှင့် ပျုစောထီးများက အိမ်တိုင်ရာရောက် မဲနံပါတ်များအား လိုက်လံပေး၍ မဲလာပေးရန်လိုအပ်ကြောင်းနှင့် မဲရုံသို့ လာရောက်ပြီး မဲ ထည့်/မထည့်ကို မဲစာရင်းဖြင့် ပြည်လည် စစ်ဆေးသွားမည်ဟု ခြိမ်းခြောက်ပြောဆိုလာကြောင်း သိရသည်။
“မရမ်းကုန်း ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးက မဲစာရင်းနံပါတ်တွေ လိုက်ပေးပြီး မဲ ထည့်ခိုင်းတယ်။ ဆိုင်ခန်းတွေကိုလည်း လိုက်ပြီး ဖိအားပေးတယ်။ မဲ မပေးရင် ဆိုင်ခန်းတွေ ပိတ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု မရမ်းကုန်းမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
အလားတူ သင်္ဃကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ စံပြရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အတွင်းရှိ ရပ်ကွက် ၁၇၊ ၁၉၊ ၂၀၊ ၂၅၊ ၁၅၃ ရပ်ကွက်များတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်ထဲမှ ပြည်သူများကို မဲလာပေးကြရန် လိုက်လံခေါ်ယူနေကြောင်း သိရသည်။
၎င်းအပြင် သန်လျင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့တွင်လည်း နေ့လည် ၁၂ နာရီ ဝန်းကျင်အချိန်ထိ မဲ လာမပေးသည့် နေအိမ်များကို ပျုစောထီးများနှင့် ဆယ်အိမ်မှူးများက မပျက်မကွက် မဲလာပေးကြရန် လိုက်လံခေါ်ယူနေကြောင်းသိရသည်။
စစ်ကော်မရှင် သည် ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းဖြင့် နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ တွင် ၂၆၅ မြို့နယ် တွင်သာ ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ် ၅၆ မြို့နယ် ထိရှိကြောင်း ထုတ်ပြန်ထားသည်။
၎င်းအပြင် စစ်ကော်မရှင်သည် မြို့နယ် ၅၆ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ကြောညာထားသော်လည်း ယမန်နေ့တွင် မြို့နယ် ၉ မြို့နယ်အား ထပ်တိုးကြေညာခဲ့၍ လက်ရှိတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၆၅ မြို့နယ်ထိ ရှိလာကြောင်းသိရသည်။