
AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆
ချန်ဒြာ
ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက်အစောပိုင်းအချိန်များတွင် မြန်မာနိုင်ငံအနှံ့အပြား၌ အင်အားအနည်းငယ်ရှိသော မြေငလျင်များ ဆက်တိုက်လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။
NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရက္ခိုင်ပြည်နယ်၊ အမ်းမြို့အနီးရှိ ငလျင်ကြောတစ်ခုအတွင်း မိနစ်ပိုင်းခြား၍ ငလျင် ၃ ကြိမ် ဆက်တိုက် လှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။
ယနေ့ နံနက် ၅ နာရီ၊ ၂၀ မိနစ်အချိန်ခန့်တွင် အမ်းမြို့အနီး၌ ရစ်ခ်တာစကေး ၄.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး နံနက် ၅ နာရီ ၃၉ မိနစ်အချိန်ခန့်တွင် မင်းပြားမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၅ နာရီ၊ ၄၆ မိနစ်အချိန်တွင်လည်း အမ်းမြို့အနီး၌ ရစ်ခ်တာစကေး ၃.၇ အဆင့်ရှိ ငလျင်ငယ်တစ်ခု ထပ်မံလှုက်ခတ်ခဲ့ကြောင်းသိရသည်။
အလားတူပင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသအချို့တွင် ငလျင်လှုပ်ခတ်မှုများရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။