
AB News – ဇန်နဝါရီ ၁၀၊ ၂၀၂၆
ဂျူလိုင်
ရက္ခိုင်ပြည်တွင် ကျောက်ကပ်ဝေဒနာခံစားနေရသည့် ၁၂ တန်းကျောင်းသူတစ်ဦးမှာ ဆေးဝါးကုသရန် ငွေကြေးအခက်အခဲဖြစ်နေကြောင်းသိရသည်။
အဆိုပါကျောင်းသူမှာ ပေါက်တောမြို့နယ်၊ ဘဲရကုလားချောင်းကျေးရွာမှာ အသက် (၂၀) အရွယ် မ အလှမေ ဆိုသူဖြစ်ပြီး မိဘများမှာ ငါးမွေးမြူရေးကန်အငှားစောင့်သည့် အလုပ်ကို လုပ်နေသူဖြစ်ကြောင်းသိရသည်။
၎င်းမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကစ၍ အိန္ဒိယနိုင်ငံကို ဆေးဝါးကုသမှုခံယူရန် ရောက်ရှိနေသူဖြစ်ပြီး ယခုမှာ ကျောက်ကပ်နှစ်လုံးအနက် တစ်လုံးကို ခွဲထုပ်ထားရသောအခြေနေဖြစ်ကာ ကျန်တစ်လုံးမှာလည်း နှစ်ပတ်တစ်ကြိမ် ပုံမှန် ကျောက်ကပ်ဆေးနေရကြောင်း ဆေးဝါးကုသမှုကို ကူညီထောက်ပံဆောင်ရွက်ပေးနေသူ ပီချောင်းဆရာတော်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။
အဆိုပါကျောင်းသူ၏မိဘများမှာ ၎င်းကိုဆေးကုသရန်အတွက် အိမ်နှင့်ခြံကိုရောင်းပြီးဆေးဝါးကုသနေကြောင်းနှင့် ယခုလို ကျောက်ကပ်အစားထိုးကုသရန်အတွက် ငွေကြေးအခက်ခဲဖြစ်နေကြောင်းကို ယခုလိုပြောကြားခဲ့သည်။
” အမေနဲ့အဖေမှာ ကျမကို ဆေးကုသဖို့ ရှိတဲ့ အိမ်နဲ့ခြံဝန်းကိုလည်းရောင်းပြီးပြီ၊ ကူညီပေးနေတဲ့ ဆရာတော်ဆီကလည်း ထောက်ပံပေးထားတာ သိန်း ၃၀၀ ကျော်သွားပြီး၊ ကျမ အသက် ၂၀ ကျော်ပဲရှိပါသေးတယ်၊ ကျမ အသက် မသေချင်သေးပါဘူး၊ တခါလောက် ကျမကို ကူညီပေးကြပါ” ဟု အကူညီတောင်းခံခဲ့သည်။
ထို့အပြင် အဆိုပါကျောင်းသူမှာ ပညာရေးတွင်ထူးချွန်ပြီး ပညာသင်ယူလိုစိတ်ရှိသူဖြစ်ကာ မိဘများက ပညာဆက်လက်သင်ကြားရန်ငွေကြေးအခက်အခဲရှိနေသည်ဟု ဆက်သွယ်လာသောကြောင့် ဆယ်တန်း (G- 10) ကတည်းက ပီးချောင်းဆရာတော်အနေမှ ပညာသင်ခွင်ထောက်ပံ့ပေးထားခြင်းဖြစ်သည်။
စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် AA တို့၏ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ကော်မရှင်က ရက္ခိုင်ကို အဘက်ဘက်မှ ပိတ်ဆို့ထားပြီး ပြည်သူများမှာ ဆေးဝါးကုသရန် အခက်အခဲများနှင့် ဆေးကုသခွင့်များဆုံးရှုံးနေကြရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကော်မရှင်သည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသရှိ မြောက်ဦးပြည်သူဆေးရုံကို ပေါင် ၅၀၀ ဗုံး (၂ )လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဆေးကုသမှုခံယူနေကြသော အရပ်သားပြည်သူ (၃၃) ဦးသေဆုံးခဲ့ပြီး၊ (၇၈) ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဆေးရုံအတွင်းရှိ ခွဲစိတ်ဆောင်၊ ပင်မဆောင်၊ အရိုးဆောင်တို့ ပျက်စီးခဲ့သောကြောင့် ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများမှာ အရေးတကြီးလိုအပ်နေကြောင်းသိရသည်။