သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် UN နှင့် INGO/ NGO အဖွဲ့အစည်းများ ရှိနေသော်လည်း စစ်ဘေးဒုက္ခသည် (၅) သိန်းကျော် အငတ်ဘေးကြုံနေရ
ရက္ခိုင်တွင် UN နှင့် INGO/ NGO အဖွဲအစည်းများ ရှိနေသော်လည်း စစ်ဘေးဒုက္ခသည် (၅) သိန်းကျော် အငတ်ဘေးကြုံနေရ

AB News – ဧပြီ ၃ ၊ ၂၀၂၅

ရက္ခိုင်ပြည်အတွင်း UN အဖွဲ့အစည်းများအပါအဝင် INGO၊ NGO အဖွဲ့အစည်းများသည် ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက် လည်ပတ်နေသော်လည်း စစ်ဘေးဒုက္ခသည်များ အငတ်ဘေး ကြုံတွေ့နေရဆဲ ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။

ရက္ခိုင်တွင် စစ်ဘေးရှောင်ဦးရေ (၅) သိန်းနီးပါး ရှိပြီး စစ်ရှောင်များမှာ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာအကူအညီများ ရရှိမှုနည်းပါး၍ အငတ်ဘေး ကြုံတွေ့နေရကြောင်း ရက္ခိုင်စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများက ဆိုကြသည်။

ရက္ခိုင်ပြည်အတွင်း UN အဖွဲ့အစည်းများအပါအဝင် INGO, NGOနှင့် CSO အဖွဲ့အစည်းပေါင်း ၄၀ နီးပါးရှိသည်ဟု စုံစမ်းသိရှိရပြီး ၎င်းတို့မှာ အကူအညီလိုအပ်နေသည့် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှု အနည်းငယ်သာ ရှိသည်ကို AB News က တွေ့ရသည်။

ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲမဖြစ်မီ ကာလအတွင်း UN အပါအဝင် INGO/ NGO အဖွဲ့အစည်းများသည် ရက္ခိုင်စစ်ဘေးဒုက္ခသည်များကို စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားသည့် အချိန်မှ စ၍ ကူညီထောက်ပံ့မှု မရှိသလောက် နည်းပါးသွားကြောင်း စစ်ဘေးဒုက္ခသည်များက ဆိုကြသည်။

တိုက်ပွဲကာလအတွင်း ရက္ခိုင်ပြည်ရှိ ဒေသခံပြည်သူအများစုသည် မိမိတို့၏ နေအိမ်များကို စွန့်ခွာ၍ စစ်ဘေးရှောင် နေကြရပြီး စစ်ရှောင်ပြည်သူများမှာ နေထိုင်ရန် အဆောက်အအုံများ မရှိသည့်အပြင် စားနပ်ရိက္ခာ လုံလောက်မှုမရှိသောကြောင့် တောင်းရမ်းစားသောက်ရသည့်အခြေအနေသို့ ရောက်ရှိနေပြီဟု ဂွမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက AB News သို့ပြောသည်။

“ကျွန်မတို့ဟာ နေအိမ်ကို စွန့်ခွာပြီး စစ်ဘေးရှောင်လာတာ ၁ နှစ်ခွဲနီးပါး ရှိပြီ။ အခု စစ်ဘေးရှောင်နေရတဲ့အချိန်မှာ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရတယ်။ အမိုးအကာဆိုလည်း လုံလုံလောက်လောက် မရှိပါဘူး။ ကတ်ထူပြားတွေကို ခင်းပြီးတော့ အိပ်ရတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဆီကလည်း ကူညီထောက်ပံ့ပေးတာတွေ သိပ်မရှိဘူး” ဟု ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများမှာ အလုပ်အကိုင် မရှိသည့်အပြင် ကုန်ဈေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေမှုကြောင့် အသက်ရှင်သန်ရေး ခက်ခဲနေကြောင်း သူမ က ထပ်မံပြောဆိုသည်။

လက်ရှိတွင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် WFP၊ MSF၊ WFP နှင့် UNHCR စသည့် အဖွဲ့အစည်းများသည် ရက္ခိုင်က စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးမှုများ မရှိသလောက် နည်းပါးကြောင်း ကျောက်တော်မြို့မှ စစ်ရှောင်အမျိုးသမီး ၁ ဦးက ဆိုသည်။

“အရင်တုန်းကတော့ အကူအညီထောက်ပံ့မှုတွေ နည်းနည်းရခဲ့တယ်။ အခု လက်ရှိမှာ အကူအညီပေးတာတွေ သိပ်မရှိတော့ဘူး အဲ့ဒါကြောင့် စားဝတ်နေရေးလည်း အရင်ကထက် ပိုပြီး ခက်ခဲလာပါတယ်။ အသုံးအဆောင်ပစ္စည်းတွေလည်း လုံလုံလောက်လောက်မရှိဘူး။ ဖြစ်နိုင်ရင် တတ်နိုင်သလောက် ကူညီထောက်ပံ့ပိုးပေးကြဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။
နေရပ်မပြန်နိုင်သေးသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များနှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော စစ်တွေမြို့မှ စစ်ဘေးရှောင်ပြည်သူ အများစုမှာ အလုပ်လက်မဲ့ဖြစ်ကာ ရွာစဉ်လျှောက်၍ တောင်းစားနေရကြောင်း ပုဏ္ဏားမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသား ကိုဝင်းနိုင် က ဆိုသည်။

“ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေမြို့နယ်က စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်လို့ မရသေးပါဘူး။ စစ်တွေမှာဆို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပုဏ္ဏားကျွန်းက စစ်ရှောင်ပြည်သူတွေဟာလည်း စစ်တွေမြို့နဲ့ နီးတဲ့ အတွက် ပြန်လို့ မရသေးပါဘူး။ သူတို့ဟာ အတော့်ကို ခက်ခဲနေကြပါတယ်” ဟုဆိုသည်။

ရက္ခိုင်တွင် လူသားချင်းစာနာထောက်ထားရေးအကူအညီများအတွက် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ လုပ်ဆောင်သည့် အဖွဲ့အစည်း ၄၀ နီးပါးရှိနေပြီး အဖွဲ့အစည်းအများစုမှာ ၎င်းတို့၏ ပရောဂျက် ပြီးစီးနိုင်ရေးကိုသာ အာရုံစိုက်ကြပြီး မြေပြင်တွင် အကူအညီလိုအပ်နေသူများထံသို့ ရောက်ရှိမှု မရှိသလောက် နည်းပါးကြောင်း INGO နှင့်နီးစပ်သူ တစ်ဦးက AB News သို့ပြောသည်။

“ရက္ခိုင်မှာက INGO၊ NGO အဖွဲ့တွေအများကြီးပဲရှိတယ်။ တကယ်အလုပ်လုပ်သလားဆိုတော့ မဟုတ်ဘူး။ သူတို့ Project ပြီးမြောက်ရေးကိုပဲ အာရုံစိုက်နေကြတာပါ။ ပြီးတော့ ရိက္ခာထောက်ပံ့ရေးထက် အသိပညာပေးသင်တန်းတွေက များနေတယ်။” ဟုဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ZOA အဖွဲ့က ကျောက်တော်မြို့၊ မီးရထားဘူတာစစ်ရှောင်စခန်းမှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၆ သောင်း အကူအညီပေးခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) မှ ကျောက်တော်မြို့၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တစ်ဦးလျှင် ၄၂၀၀၀ ကျပ် နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တစ်ဦးလျှင် ၂၂၀၀၀ ကျပ်ခန့် ထောက်ပံ့ကူညီပေးခဲ့ကြောင်း စစ်ရှောင်များက ပြောသည်။

ယင်းအပြင် ရက္ခိုင်မှ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များမှာ ကာကွယ်ဆေးမထိုးနှံရသည့်မှာ ၃နှစ် နီးပါး ရှိနေကြောင်း သိရသည်။

MSFနှင့် ICRC အဖွဲ့များသည်လည်း ရက္ခိုင်တွင် ရုံးစိုက်လျက်ရှိနေသော်လည်း လုပ်ငန်းလုပ်ဆောင်မှု မရှိသည်မှာ ၆ လခန့်ထိ ကြာမြင့်နေပြီဟု အမည်မဖော်လိုသည့် INGOအသိုင်းအဝိုင်းထံမှ သိရသည်။

UN, ICRC, INGOနှင့် NGO အဖွဲ့အစည်းများသည် ရက္ခိုင်မှ စစ်ဘေးရှောင်ပြည်သူများအပေါ် လူသားချင်းစာနာထောက်မှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပျက်ကွက်နေပြီး မြေပြင်မှ အရပ်ဘက်အဖွဲ့အစည်းမှာ တတ်အားသရွေ့ စစ်ရှောင်ပြည်သူများကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ