သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယတြာခေါင်းလောင်းအား ထိန်းသိမ်းစောင့်ရှောက်ခဲ့သူ ဦးထွန်းအောင်အား AHRS မှ ရက္ခိုင့်အမျိုးသား သစ္စာစောင့်သိမှု စံပြဆု ချီးမြှင့်အပ်နှင်း

AB News – ဧပြီ ၃၊ ၂၀၂၆

ရက္ခိုင်ပြည်စောင့်ခေါင်းလောင်းဟု လူသူများသော ယတြာခေါင်းလောင်းအား သားစဉ်မြေးဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့သူ ဦးထွန်းအောင်အား ရက္ခိုင့်သမိုင်းသုတေသနအဖွဲ့ (AHRS) မှ ရက္ခိုင့်အမျိုးသား သစ္စာစောင့်သိမှု စံပြဆုအဖြစ် ရွှေခွက် ၁ ကျပ်သားခန့် ကို ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ချီးမြှင့်အပ်နှင်းခဲ့သည်။

ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ရက္ခိုင့်အမျိုးသား သစ္စာစောင့်သိမှု စံပြဆုချီးမြှင့်ပွဲကို ရက္ခိုင်လွတ်မြောက်တစ်နေရာ၌ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရက္ခိုင့်စာရေးဆရာကြီးများအပါအဝင် ပြည်သူအများအပြား တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

ဦးထွန်းအောင်သည် ယတြာခေါင်းလောင်းအား အသက် ၂၅ နှစ်အရွယ် (အလံနီပါတီခေတ်) ကတည်းက ၎င်း၏ ဘိုးဘွားစဉ်ဆက်ညွှန်ကြားမှုများနှင့်အတူ အသက် ၈၄ နှစ်အရွယ်ထိ မည်သူတစ်ဦးကိုမှ ဖွင့်ဟမပြောဆိုဘဲ ထိန်းသိမ်းလာခဲ့ခြင်းဖြစ်ပြီး ပြီခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက် မဟာမုနိဘုရားကုန်းတော်၌ ပြန်လည်တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ထိန်းသိမ်းလာသည့် ကတိစကားအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအား ဖွင့်ဟပြောဆိုရခြင်းမှာ “အဖိုးကြီးက ဗိုလ်ချုပ်ထွန်းမြတ်နိုင်လေ့ မမြင်ဖူးဘူး။ ဒါပေမယ့် ပြည်သူတွေက တအား ချစ်ကြတယ်။ ပြီးတော့ မဟာမုနိဘုရားသိမ်ကလည်း တိမ်ပေါ်မှာ လွှင့်လို့မြင်ရတော့ အဖိုးကြီးတို့ဘဝမှာ တခါမှ မြင်လေ့ မမြင်ဖူးဘူး၊ ကြားလည်းမကြားဖူးဘူး။ ဒီတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘုန်းကံမြင့်မားသူဆိုရင် ပညာသည် မင်းခန့်ကလည်း ရှိတယ်ဆိုတော့ သူတို့နှစ်ဦးပေါင်းလုပ်ရင်တော့ ရက္ခိုင်ပြည်လွတ်မြောက်မှာ ဆိုပြီး ဖွင့်ဟပြောဆိုခဲ့တာပါ။ ပြီးတော့ အဖိုးကြီးရဲ့ အဖေကလည်း ရက္ခိုင်ပြည်လွတ်မြောက်ရေးတွက် တကယ့်တကယ် အားစွန့်ခွန်စိုက်ပြုလုပ်သူ၊ ဘုန်းတန်ခိုးကြီးမားသူနဲ့ တွေရင် ပြောလေလို့ ပြောဆိုခဲ့တယ်” ဟု ဦးထွန်းအောင် က ဆိုသည်။

ထိုကဲ့သို့ ရှေးဟောင်းသမိုင်းဝင် ယတြာခေါင်းလောင်းအား ဖော်ထုတ်ပေးခဲ့သည့်အတွက် အာရက္ခပြည်သူ့အစိုးရမှ ဦးထွန်းအောင်အား ကျပ်ငွေ သိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၎င်းက ထိုငွေများအား မဟာမုနိဘုန်းကြီးကျောင်းဆောင် ပြန်လည်ပြုပြင်ရာတွင် လူဒါန်းထားကြောင်း သိရသည်။

ဖဆပလခေတ်တွင် ဦးထွန်းအောင်မှာ အလွန်ဆင်းရဲပြီး ဤခေါင်းလောင်းနေရာကို ပြောလျှင် တိုက်တစ်လုံး၊ ကားတစ်စီး ပေးမည်ဟု ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပြီး ငွေကျပ်သိန်း ၂၀၀ ထိ ပေးမည်ဟု မက်လုံးပေးပြောဆိုခဲ့သော်လည်း ၎င်းမှာ ဖွင့်မပြောခဲ့ကြောင်းနှင့် ပါတီကောင်စီခေတ်နှင့် စစ်တပ်ထောက်လှမ်းရေးခေတ်တွင် အချုပ်ခန်းထဲ၌ ၃ ရက်ထိ ဖမ်းချုပ်ကာ ဖိအားပေး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဦးထွန်းအောင်က ဆိုသည်။

ထို့ပြင် စစ်တပ်က ခေါင်းလောင်းနေရာကို မပြောလျှင် သေနတ်ဖြင့် ခြေထောက်အား ပစ်ခတ်မည်ဟု ခြောက်လှန့်ပြောဆိုခဲ့သည့်အတွက်လည်း ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်းလည်း ပြောဆိုသည်။

ရှေးဟောင်းယတြာခေါင်းလောင်းမှာ မြောက်ဦးခေတ်တွင် ရက္ခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်တွင် သွန်းလုပ်ထားခဲ့ခြင်းဖြစ်ပြီး အမြင့် ၈၆ စင်တီမီတာ၊ အောက်ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာနှင့် ဂိုင်းလုံးပတ် ၂၄ စင်တီမီတာရှိသော သမိုင်းဝင် ကြေးသွန်းခေါင်းလောင်းကြီး ဖြစ်သည်။

ယင်းခေါင်းလောင်းပေါ်တွင် ပါဠိ၊ သက္ကတနှင့် ရက္ခဝဏ္ဏ ဘာသာစကား ၃ မျိုးဖြင့် ရေးထိုးထားကာ အင်း၊ အိုင်၊ ခါးလှည့် သုံးမျိုး ပါဝင်သည်။ ဤယတြာခေါင်းလောင်းကို တစ်ချက်တီးလိုက်လျှင် “အရှေ့ပြည် ၃ ခါပြိုသည်” ဟု သမိုင်းမှတ်တမ်းများအရ သိရှိရသဖြင့် မြန်မာဘုရင်များ အဆက်ဆက် အထူးထိတ်လန့်ခဲ့ကြရသည့် ခေါင်းလောင်းလည်း ဖြစ်ကြောင်း သိရှိရသည်။
ဆွစ်ဇာလန်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာ အီမာနျူရယ် ဖော်ခမ်းမား (Dr. Emmanuel Forchhammer) ကလည်း ယင်းခေါင်းလောင်းသည် မဟာမုနိကုန်းတော်တွင် ရှိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ မှတ်တမ်းတင်ခဲ့ဖူးသည်။

အဆိုပါ ယတြာခေါင်းလောင်းတော်ကြီး၏ ထူးခြားချက်မှာ အင်းကွက်ကြီး ၈ ကွက် ပါရှိခြင်းဖြစ်ပြီး မြေ (ပထဝီ)၊ ရေ (အာပေါ)၊ မီး(တေဇော)၊ လေ(ဝါယော) ဟူသော ဓာတ်ကြီး ၄ ပါးကို အတိုက်တစ်ကွက်၊ အခံတစ်ကွက် စီမံထားခြင်းဖြစ်ကြောင်း အင်းဆရာကြီးကျွန်းဒေါင်း၏ မှတ်တမ်းများအရ သိရသည်။ ၎င်းအင်းတော်များဖြင့် ကျူးကျော်လာသည့် ရန်သူများကို ရေ၊ မြေ၊ မီး၊ လေ ဘေးအန္တရာယ်များဖြင့် တိုက်ခိုက်ကာကွယ်နိုင်သည်ဟု အယူရှိကြသည်။

ထိုအပြင် အင်းကွက်ကြီးများ၏ အောက်တွင် အင်းကွက်ငယ် ၃၀ ကို ပတ်လည်ရေးသွင်းထားကာ ယင်းအင်းကွက်ငယ်များမှာ ထိုခေတ်ကာလက ရက္ခိုင်ပြည်၏ ပြိုင်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ယိုးဒယား၊ ဘရင်ဂျီ၊ မုတ္တမ၊ ပဲခူး၊ မွန်၊ သံလျင်၊ ပြည်၊ တောင်ငူ၊ ပုဂံ၊ အင်းဝ၊ ရှမ်း နှင့် သက် စသည့် တိုင်းပြည်ပေါင်း ၃၀ ကို ဦးတည်စီမံထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ArakanBayNews #AB_News #AHRS #ချီးမြှင့်အပ်နှင်း #ရက္ခိုင့်အမျိုးသားသစ္စာစောင့်သိမှုစံပြဆု #ယတြာခေါင်းလောင်းအားထိန်းသိမ်းစောင့်ရှောက်ခဲ့သူ #ဦးထွန်းအောင် #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်