သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးသတ်ဌာနက သရုပ်ပြ ပညာပေး

AB News – ဇန်နဝါရီ ၂၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးခရိုင်အတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မီးသတ်ဌာနမှ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရန် ပညာပေးအဖြစ် လေ့ကျင့် သရုပ်ပြကာ မီးသတ်မှုများအား လုပ်ဆောင် ပြသခဲ့သည်။

ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်နေ့တွင် မီးသတ်ဌာနမှ မြောက်ဦးမြို့မစျေးအတွင်း မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် လိုအပ်သည့် သတိပေးချက်များအား ပြည်သူများ သိရှိစေရန် လေ့ကျင့်သရုပ်ပြမှုများ လုပ်ဆောင်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြလေ့ကျင့်မှုသို့ တက်ရောက်ခဲ့သည့် မြောက်ဦးဒေသခံ တစ်ဦးက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်နေမှုနှင့် ပတ်သတ်၍ ဤကဲ့သို့ ပြောဆိုသည်။

“အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မီးသတ်ဌာနက အခုလို ပွင့်လင်းရာသီမှာ နှစ်စဉ်လိုလို မီးလောင်မှုတွေ၊ ထိခိုက်ဆုံးရှုံးမှုတွေ ရှိတဲ့အတွက်ကြောင့် လက်ရှိမှာ မီးဘေးအန္တရာယ် မဖြစ်လာစေဖို့၊ ကြိုတင်ကာကွယ်ဆောင်ရွက်ဖို့ ပညာပေး သရုပ်ပြလေ့ကျင့်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း စည်းကမ်းတကျ လိုက်နာဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အတူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မီးသတ်ဌာနအနေဖြင့် ရက္ခိုင်ပြည်ရှိ အခြားဒေသများတွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်သည့်အခါ လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများကို ပြည်သူများ သိရှိနားလည်စေရန် သရုပ်ပြပညာပေး မီးသတ်လေ့ကျင့်မှုများ၊ ပညာပေးဟောပြောပွဲများကို ဆက်လက် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တစ်ဖက်တွင်လည်း မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ချီခြင်း၊ မီးဘေးသတိပေး ဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး မြောက်ဦးခရိုင်အတွင်းရှိ ကျေးရွာ၊ ရပ်ရွာများတွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို ပြည်သူများလိုက်နာမှု ရှိ/မရှိ လိုက်လံ စိစစ်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ