သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြဝတီတွင် နိုရိုဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ၃ ဦး သေဆုံး၊ နယ်စပ်ဂိတ် အချို့ပိတ်ထား

AB News-ဒီဇင်ဘာ၂၃၊ ၂၀၂၄

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်စီးပွားရေးဇုန်တွင် လူပေါင်း ၃၀၀ ကျော် နိုရိုဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံနေရပြီး လူ ၃ ဦး သေဆုံးသွားခဲ့ကာ ထိုင်းဘက်ခြမ်းမှ နယ်စပ်ဂိတ်တချို့ကိုလည်း ယာယီပိတ်ထားသည်ဟု ထိုင်းသတင်းများ၏ ဖော်ပြချက်အရသိရသည်။

ရောဂါကူးစက်ခံရသူအများစုမှာ တရုတ်နှင့် နိုင်ငံခြားသားများဖြစ်ကြပြီး ရွှေကုက္ကိုလ် ကျန်းမာရေးဌာန၏ ကမ္ဘာ့ကျန်းမာရေး WHO က နိုရိုဗိုင်းရပ်စ်ပိုးစစ်ဆေးရေး ကိရိယာနှင့်စစ်ဆေးရာမှာ Positive ဖြစ်နေသည်ကို တွေ့ရသည်ဟုဆိုထားသည်။

လူနာများအား ကုသပေးရန် ရွှေကုက္ကိုလ်ကျန်းမာရေးဌာနက ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် မယ်လမတ်မြို့နယ် ကျန်းမာရေးဌာနကို အကူအညီတောင်းခဲ့ပြီး ထိုင်းဘက်ကလည်း ဆေးဝါးနှင့် ကုသရေးကိရိယာ တချို့ထောက်ပံ့ခဲ့သည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၀ရက်နေ့က ထုတ်လွှင့်သွားသည့် CH3 ထိုင်းရုပ်သံရ၏ သတင်းတွင် ရွှေကုက္ကိုလ်တွင် ကူးစက်နေသော နိုရိုဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၃ ယောက်ရှိကြောင်းနှင့် ၅၆ ယောက် ရောဂါပြင်းထန်နေသည်ဟုသိရသည်။
လက်ရှိ မဲဆောက်ပြည်သူ့ဆေးရုံကြီးတွင် နိုရိုဗိုင်းရပ်စ် ကူးစက်ခံရသည့်လူနာ ၂ ဦး တက်ရောက်ကုသနေပြီး ၎င်းတို့မှာ မြန်မာဘက်ခြမ်းမှ လာရောက်ကုသသူများ ဖြစ်ကြောင်း ထိုင်းသတင်းဌာနများအရ သိရသည်။

အဆိုပါရောဂါဖြစ်ပွားမှုကြောင့် တာ့ခ်ခရိုင်ကျန်းမာရေးဦးစီးဌာနကရော၊ နယ်စပ်လုံခြုံရေးတာဝန်ယူထားရသော ထိုင်းစစ်တပ် နရေးဆွန်စစ်ကြောင်းကပါ ခရိုင်တွင်း နိုရိုရောဂါကူးစက်ပြန့်ပွားမှုကို ဟန့်တားကာကွယ်ရန်အတွက် အရှိန်မြင့်ဆောင်ရွက်နေသည်ဟုသိရသည်။

ခရိုင်ကျန်းမာရေးဌာနအနေနှင့် EOC ခေါ် အရေးပေါ်ကုသရေးစင်တာ ဖွင့်လှစ်ခြင်း ၊ပြည်သူများ အနေနှင့်Mask နှာခေါင်းစည်းတပ်ဖို့၊ တစုံတရာ ကိုင်ဆောင်ပြီးတိုင်း လက်ဆေးဖို့၊ သန့်ရှင်းသောရေသာ သောက်သုံးပြီး အစားအသောက်ကို သန့်ရှင်းစွာ ချက်ပြုတ်စားသုံးဖို့၊ ရောဂါ ရှိသူများနှင့်နီးနီးကပ်ကပ်မနေဖို့ မိမိတွင် မသင်္ကာဖွယ် နေထိုင်မကောင်းသည့်အခါ ဆရာဝန်နှင့်ပြသဖို့ အကြံပြု တိုက်တွန်း နှိုးဆော်ထားသည် ဟုသိရသည်။

ထိုင်းစစ်တပ်ဘက်ကလည်း ၂ နိုင်ငံ နယ်စပ်နေ ပြည်သူများအနေနှင့်အကြောင်းတစုံတရာ အရေးမကြီးပါက နယ်စပ်ဖြတ်ကူးခြင်း ရှောင်ကြဉ်ဖို့နှင့်ဖုပ်ဖရ-မဲဆောက် နှင့် မယ်လမတ်မြို့နယ်က နယ်စပ်တလျှောက် တောလမ်း၊ ရေလမ်းနှင့်ကျေးရွာလမ်းများကို ၁လ ယာယီပိတ်ပင်ထားပြီး အခြေအနေပေါ် မူတည်ပြီးမှ ပြန်ဖွင့်မည်ဟုဆိုထားသည်။

လောလောဆယ်မှာ တရားမဝင် ဝင်ရောက်မှုများ မရှိရအောင် လုံခြုံရေးတပ်ဖွဲ့အင်အားတိုးမြှင့်ချထားပြီး တင်းကျပ်စွာစစ်ဆေးနေသည်ဟု ထိုင်းတော်ဝင်တပ်ဖွဲ့သတင်းတွင်ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ ဆေးရုံဆေးခန်းများတွင်လည်း နိုရိုဗိုင်းရပ်စ် ၄ မျိုးလောက်အထိ ကူးစက်ခံနေရသည့်အတွက် ကလေးငယ်လူနာအချို့ရှိနေသည်ဟုသိရသည်။

လသားအရွယ်ကနေ ၁၀ နှစ်အရွယ်အထိ ကလေးငယ်များမှာ အန်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားခြင်း အပြင် ပါးချိတ်ယောင်ရောဂါ စသော ကူးစက်တတ်သောရောဂါများ ဖြစ်ပွားနေကြပြီး တရုတ်နိုင်ငံတွင် ကူးစက်ပြန့်ပွားနေသည့် နိုရိုဗိုင်းရပ်စ်ပျံ့နှံ့လာခြင်းဟုလည်း မြို့သူမြို့သားများပြောဆိုနေသည်ဟုသိရသည်။

တရုတ်နိုင်ငံတွင် အစာအိမ်အူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး Norovirus ကူးစက်မှုများနေပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကူးစက်မှုများရှိနေသည့်အတွက် ရောဂါမကူးစက်အောင် အထူးသတိပြု နေထိုင်ကြဖို့ ကျွမ်းကျင်ဆရာဝန်များက တိုက်တွန်းထားသည်။

အဆိုပါ နိုရိုဗိုင်းရပ်စ်ရောဂါကူးစက်ခံရလျှင် ဝမ်းလျှော၊ အော့အန်၊ ဝမ်းဗိုက် ရစ်နာကျင်၊ ချမ်းတုန်ဖျား၊ ကြွက်သားနာကျင်ကိုက်ခဲ၊ ပင်ပန်းနွမ်းနယ်ခြင်းများကို ခံစားရနိုင်ပြီး ကြိုတင်ကာကွယ်မှုအနေနှင့် အစားအသောက်ကို ကျက်အောင်ချက်ပြုတ်စားခြင်း၊ လက်သန့်ရှင်းအောင်ဆေးကြောခြင်း၊ လက်သုပ်စာစားခြင်း များစတာတွေကို ရှောင်ကြဉ်ဖို့ လိုအပ်သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ