
AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၅
အောင်စိုး
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာနေရသည့် ကလေးငယ် ၃ သန်းကျော်ရှိကြောင်း မြန်မာနိုင်ငံတွင်ရှိသည့် သြစတြေးလျသံရုံးမှ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံက ပြည်သူ ၃ သန်းခွဲကျော်မှာ စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတွင်းနေရပ်စွန့်ခွာ ရွေ့ပြောင်းနေထိုင်နေရပြီး ယင်းထဲမှ ၃၀ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြောင်း ကလေးသူများဆိုင်ရာ အခွင့်အရေးများကို လုပ်ဆောင်နေသည့် UNICEF အဖွဲ့က ပြောသည်။
ကလေးငယ်များသည် လူမှုအသိုင်းအဝိုင်းများ၏ အငယ်ဆုံးအဖွဲ့ဝင်များ ဖြစ်ပြီး မိမိတို့အနေဖြင့် အနာဂတ်တွင်ပါဝင်လာမည့် ကလေးငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ပဋိပက္ခနှင့် ဘေးအန္တရာယ်ဖြစ်ပွားလေ့ရှိသော အခြေအနေများတွင် သူတို့တွေ့ကြုံရသည့် စိန်ခေါ်မှုများစွာကို ထုတ်ဖော်လုပ်ဆောင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကလေးသူငယ်ဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CRC) ကို UN အဖွဲ့ဝင်နိုင်ငံများမှ အတည်ပြုပြဌာန်းခဲ့သည်။
ရည်ရွယ်ချက်မှာ ကလေးသူငယ်များ၏ အသက်ရှင်သန်ဖွံ့ဖြိုးမှု၊ ပညာရေး၊ ကျန်းမာရေး၊ ပျော်ရွှင်လုံခြုံရေးစသည့် ကဏ္ဍအသီးသီးကို ဖြည့်ဆည်း ကာကွယ်ရန် ဖြစ်သည်။
UN အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည်လည်း CRC စာချုပ်ပါ အပိုဒ် (၅၄) ပါ အချက်အလက်အကြောင်းများကို သဘောတူကြောင်း ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားဒေသများတွင် နေ့စဥ်ရက်ဆက် အသက်မပြည့်သည့် ကလေးသူငယ်များ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။
ယနေ့ကမ္ဘာ့ကလေးများနေ့တွင် သြစတြေးလျသည် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှု လုပ်ငန်းအစီအစဥ်များမှတစ်ဆင့် မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာနေရာ နှင့်ထိခိုက်လွယ်အသိုက်အဝန်း များရှိကလေးငယ်များအပါအဝင် ကလေးငယ်အားလုံး၏အခွင့်အရေးနှင့် ကိုယ်စိတ်ကျန်းမာရေးတို့ကို ကာကွယ် သွားမည်ဖြစ်ကြောင်း ဆိုသည်။
CRC စာချုပ်အရ အသက် ၁၈ နှစ်အောက် ရှိသူတိုင်းကို ကလေးအဖြစ်သတ်မှတ်ထားပြီး သဘောတူစာချုပ်တွင် ပါရှိသည့် အခွင့်အရေးအားလုံးကိုခံစားရပိုင်ခွင့်ရှိကြောင်း UN က ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ စစ်ရေးပြင်းထန်မှုကြောင့် မြန်မာနိုင်ငံ အတွင်း နေရာဒေသအနှံ့အပြားရှိ ကလေးများမှာ အခွင့်အရေးများစွာ ဆုံးရှုံးနေကြောင်း သိရသည်။