
AB News – ဇန်နဝါရီ ၂၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် တောဆင်ရိုင်းများ တောင်ယာစိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီးနေမှု မကြာခဏရှိလာ၍ သီးနှံစိုက်ခင်းများ များစွာ ပျက်စီးနေ၍ သက်ဆိုင်ရာများမှ ကာကွယ်ရေးအစီအမံများ ချမှတ်ပေးရန် ဒေသခံတောင်သူများက တောင်းဆိုနေကြသည်။
အဆိုပါ တောဆင်ရိုင်းများသည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ အောင်သာယာ၊ အောင်မင်္ဂလာ၊ ဖားဝပ်ချောင်း စသော ကျေးရွာများတွင် တောင်သူများ စိုက်ပျိုးထားသည့် စိုက်ခင်းများကို မကြာခဏ ဝင်ရောက်ဖျက်ဆီးနေကြောင်း သိရသည်။
လက်ရှိတွင် ဒေသခံတောင်သူများသည် ငရုတ်၊ ပဲ၊ ခရမ်း၊ ဖရဲ စသော ရာသီပေါ်သီးနှံများအား စိုက်ပျိုးထားကြရာ ယခုလအတွင်း နေ့ည မရွေး တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုများ ဆက်တိုက်ရှိလာ၍ စိုက်ခင်းအများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံတစ်ဦး က AB News သို့ ပြောသည်။
“ဆင်ရိုင်းတွေ တစ်ခါ တစ်ခါလာရင် အကောင် ၁၀ ကျော်အထိ လာတာ။ နေ့ဆိုရင်တောင် စိုက်ခင်းသွားရတာ ကြောက်ရပါတယ်။ ဒါပေမယ့်လည်း အကြောက်တရားတွေနဲ့ စားဝတ်နေရေးအတွက် တောင်ယာလုပ်ကိုင်နေရပါတယ်။ ညဘက်ဆိုရင်လည်း အထူးကြောက်ရပါတယ်။ ဆင်တွေ ဝင်လာရင် ကိုယ့်အသက်ကိုပဲ ဦးစားပေးပြီး ပြေးရတာပါ။ ကာကွယ်ဖို့ လက်နက်မရှိ၊ နည်းလမ်းလည်း မသိဘူး” ဟု ဆိုသည်။
သို့ဖြစ်၍ တောဆင်ရိုင်းများ၏ ဝင်ရောက်ဖျက်ဆီးမှုများမှ ကာကွယ်နိုင်ရန်အတွက် အာရက္ခပြည်သူ့အစိုးရအနေဖြင့် လိုအပ်သည့် စီမံချက်များ ချမှတ်ကာ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားကြသည်။
တောဆင်ရိုင်းများကြောင့် စိုက်ခင်းများ ဆုံးရှုံးရခြင်းသည် တောင်သူများအတွက် ကြီးမားသော ရှုံးဆုံးမှုဖြစ်ပြီး မိသားစုစားဝတ်နေရေးအထိ ထိခိုက်လာကြောင်းလည်း ၎င်းတို့က ဆိုသည်။
အလားတူ ပြီးခဲ့သည့် မိုးတွင်းကာလအတွင်း မောင်တောမြို့နယ် မြောက်ပိုင်းရှိ အူဆိန်းဂျား၊ ကြက်ရိုးပြင်၊ လောင်းဒုံကျေးရွာများတွင် စပါးစိုက်ခင်းများကို တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးခဲ့မှုများရှိခဲ့ပြီး စပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။