သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် (၇၅) ကြိမ်မြောက် မဟာရာမယန ဟရီနာမ “ရာမ” အသံမစဲ ပဠာန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

AB News – ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆
နွယ်စိုး

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် (၇၅) ကြိမ်မြောက် မဟာရာမယန ဟရီနာမ “ရာမ” အသံမစဲပဠာန်းပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ​၄ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း AB News က ကွင်းဆင်း တွေ့ရသည်။

အဆိုပါပွဲတော်အား မောင်တောခရိုင် ဟိန္ဒူလူမျိုးစုရေးရာကော်မတီက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ပွဲတော်ဖြစ်မြောက်ရေးအတွက် အာရက္ခပြည် သူ့တော်လှန်ရေးအစိုးရက ငွေကျပ်သိန်း (၃၅၀) တိတိ ကူညီပံ့ပိုး ပေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် ပွဲတော်ကာလအတွင်း လာရောက်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စိတ်အေးချမ်းသာစွာ ဆင်နွှဲနိုင်ရန်အတွက် အာရက္ခတပ်တော်မှ လုံခြုံရေးအပြည့်အဝ တာဝန်ယူ ပေးခဲ့သည်ကို တွေ့ရသည်။

အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများကလည်း ပွဲတော်အတွင်း ကျန်းမာရေးချို့ယွင်းသူများအား လိုအပ်သည့် ဆေးဝါးကုသမှုများ အခမဲ့ ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြသည်။

ပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ဟိန္ဒူလူမျိုးစုရေးရာကော်မတီ ဥက္ကဌ ဦး​ရွှေနီ က “ကျနော်တို့ ဟိန္ဒူလူမျိုးစုတွေရဲ့ ဘာသာရေး ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့တင်မကဘဲ၊ ဒေသတွင်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေဖို့၊ ဟိန္ဒူလူမျိုးတစ်ခုလုံးနဲ့ ရပ်ရွာ၊ နိုင်ငံတော်အေးချမ်းသာယာရေးကို ရှေးရှုပြီး ဒီပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်”ဟုဆိုသည်။

၄ ရက်တာ ကျင်းပသည့် ဘာသာရေးအခမ်းအနားသို့ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များမှ ဟိန္ဒူဘာသာဝင် ၃,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ပွဲတော်သို့ ဟိန္ဒူဘာသာရေးခေါင်းဆောင်များအပြင် အာရက္ခတပ်တော်မှ စစ်ဘက်၊ အရပ်ဘက်တာဝန်ရှိသူများလည်း တက်ရောက်အားပေးခဲ့ကြသည်။

ပွဲတော်ကာလအတွင်း လာရောက်သူများအား ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သော သက်သက်လွတ် ဟင်းလျာများဖြင့် တခမ်းတနား ဧည့်ခံကျွေးမွေးခဲ့သည်။

ယခုပွဲတော်သည် ဒေသတွင်း အုပ်ချုပ်ရေးအပြောင်းအလဲဖြစ်ပြီးနောက် လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို ပြသနိုင်သည့် ထူးခြားသောပွဲတော်တစ်ခု ဖြစ်ခဲ့ကြောင်း ဟိန္ဒူလူမျိုးများက ဆိုသည်။

ရက္ခိုင်ပြည်အတွင်း ဟိန္ဒူလူဦးရေ စုစုပေါင်း ၁၃,၀၀၀ ခန့် နေထိုင်လျက်ရှိပြီး အများစုမှာ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေနှင့် ကျောက်တော်မြို့နယ်များတွင် အခြေချနေထိုင်လျက်ရှိကြောင်း သိရသည်။

Photo – Hein Tun/AB News

AB_News #MahaRamayana #HariNamShonKirTon #Rama_Festival #Maungdaw #ArakanState #SocialHarmony #ReligiousFreedom #HealthcareSupport #CulturalHeritage #UnityInDiversity #PeacefulCoexistence

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ