AB News – မတ် ၁၄ ၊ ၂၀၂၅
ရက္ခိုင်ပြည် ၊ မောင်တောမြို့ ၊ လသာရပ်ကွက်မှ ငါးရှာသွားသည့် အမျိုးသား ၁ ဦးသည် စစ်ကျန်မိုင်းနင်းမိ၍ ခြေတစ်ဘက် ပြတ်ထွက်သွားခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။
ယနေ့ ၊ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် အဒူဟာလေ့ခ်သည် ရွှေဇားချောင်းသို့ ငါးရှာသွားစဥ် စစ်ကျန်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ၁ ဦးက AB News သို့ပြောသည်။
”သူက ရွှေဇားချောင်းကို ငါးရှာဖို့ထွက်သွားတာပါ။ ဒီနေ့ နေ့လည်ပိုင်းလောက်ကပါ။ အဲဒီမှာ ရွှေဇားချောင်းကမ်းနားမှာ မိုင်းနင်းမိပြီးတေ့ာ ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားတယ် ” ဟု ဆိုသည်။
စစ်ကျန်မိုင်းနင်းမိသူမှာ အဖ မာမတ်တူဆောင်း၏သား အသက် ၄၄ နှစ်အရွယ် အဒူဟာလေ့ခ် ဖြစ်သည်။ ၎င်းမှာ စစ်ကျန်မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ဘက်ခြေထောက်ပြတ်ထွက် သွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းမှာ ဒဏ်ရာပြင်းထန်သည့်အတွက် နီးစပ်ရာဆေးခန်း၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်တွင် မောင်တောမြို့ ၊ ရွှေဇား(အနောက်) မူဆလင်ကျေးရွာမှ မာမောက်ယာဆိမ့်သည် ရွာသားများနှင့်အတူ ငါးရှာသွားစဥ် ရွာအနောက်ဘက် ခြံစည်းရိုးနားအရောက်တွင် စစ်ကျန်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်နှင့် ဘယ်ဘက်မျက်စိဆုံးရှုံးသွားခဲ့သည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ ၊ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ရွှေဇားဂုံးနား (မူဆလင်) ကျေးရွာမှ အမျိုးသမီး ၁ ဦးသည် အိမ်နောက်သို့ ရေပုံး ဆွဲရန်သွားစဥ် အကြမ်းဖက် စစ်ကောင်စီ ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းနင်းမိ၍ ပေါကွဲမှုဖြစ်ကာ ညာဘက် ခြေထောက်ပြတ်ထွက်သွားခဲ့ပြီး အနီးနားတွင်ရှိသည့် ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး မိုင်းစထိမှန် ဒဏ်ရာ ရရှိသွားခဲ့သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ ၊နံနက် ၆ နာရီခွဲအချိန်တွင် ရွှေဇားဂုံးနား (မူဆလင်) ကျေးရွာမှ အမျိုးသား ၁ ဦးသည် မျက်နှာသစ်ဖို့ သွားစဥ် အကြမ်းဖက် စစ်ကောင်စီ ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းနင်းမိ၍ ညာဘက် ခြေထောက် ပြတ်ထွက်သွားခဲ့သည်။
အလားတူ ဇန်နဝါရီလ ၂၉ ရက်နေ့ ၊ ညနေ ၇ နာရီအချိန်ခန့် ရွှေဇားဂုံးနား (မူဆလင်) ရွာတွင် ကုရ်ရှိတ်အာလာသည် နေအိမ်က အိမ်အောက်သို့ဆင်းစဥ် အကြမ်းဖက် စစ်ကောင်စီ ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့သည်။