သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ပြန်လည်ဝင်ရောက်လာသော သူများထဲ ပြည်သူ ၉၀၀ ခန့်ကို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနမှ အခမဲ့ ဆေးကုသမှုပေးပြီး

AB News – မတ် ၃ ၊ ၂၀၂၅

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ ဒေသများတွင် ပြန်လည်ဝင်ရောက်လာသော သူများထဲ ပြည်သူ ၉၀၀ ခန့်ကို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနမှ အခမဲ့ ဆေးကုသမှုပေးထားပြီးဖြစ်ကြောင်း AB News က စုံစမ်းသိရှိရသည်။

အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနမှ နယ်လှည့် ဆေးဝန်ထမ်း များသည် ပြန်လည်ဝင်ရောက်လာသော ပြည်သူများကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ ဆေးကုသမှုပေးနေကြောင်း သိရှိရသည်။

ဆေးကုသမှုပေးခဲ့သော ဒေသများမှာ လသာမူဆလင်ကျေးရွာ၊ မြို့ဦးရပ်ကွက်၊ အောင်ဗလကျေးရွာ၊ မောင်တောရပ်ကွက် (၄)၊ ရွှေဇားဂုံးနားကျေးရွာ၊ ရွှေဇားအုပ်ဆုပ်စေတီပြင်ကျေးရွာ၊ ရွှေဇားအနောက်ရွာ၊ ရွှေဇားမြောက်ရွာနှင့် ရပ်ကွက် (၄) ဟိန္ဒူကျေးရွာတို့ဖြစ်သည်။

လက်ရှိတွင် အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနမှ နေရပ်ပြန်ပြည်သူ ၉၀၀ ခန့်ကို ဆေးကုသမှုပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ဆေးကုသမှုပေးရာတွင် အရေပြားရောဂါမှာ အဖြစ်အများဆုံးဖြစ်ပြီး ဆီးလမ်းကြောင်းပိုးဝင်ရောင်ရမ်းခြင်း၊ သွေးတိုး၊ ဆီးချို၊ ဝမ်းလျှောရောဂါ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ တုပ်ကွေးရောဂါ၊ သွေးအားနည်းရောဂါနှင့် အဖျားရောဂါ အစရှိသည်တို့ဖြစ်ကြောင်းတွေ့ရသည်။

အရေပြားရောဂါ အဖြစ်များရခြင်းအကြောင်းရင်းမှာ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့်ဟု ဆေးဝန်ထမ်း တစ်ဦးက AB News သို့ပြောသည်။

“တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းလို့ အရေပြားရောဂါအဖြစ်များကြတာ တွေ့ရတယ်။ သွေးတိုး၊ ဆီးချို၊ ဆီးလမ်းကြောင်းပိုးဝင်တဲ့ အမျိုးသမီးတွေလည်းပါတယ်” ဟု ဆိုသည်။

ယခုလို နယ်လှည့်ပြီး ပြည်သူလူထုများ၏ ကျန်းမာရေး ပြဿနာကို အခမဲ့ ဖြေရှင်းပေးသည့်အတွက် အဆင်ပြေကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” AA က အခုလို နယ်လှည့်ပြီး အခမဲ့ဆေးဝါးကုသမှုတွေ ပေးနေတော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ ညအချိန်တွေအတွက်တော့ ရွာအနီးအနားမှာ ဆေးခန်းတွေရှိဖို့ လိုအပ်တယ်” ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ထားသည့်အတွက် ရက္ခိုင်တွင် ဆေးဝါးတချို့ ရှားပါးနေသည်။ လက်ရှိ ဆေးကုသမှုပိုင်းတွင် HIV၊ AIDS၊ တီဘီနှင့် နှလုံးရောဂါများအတွက် ဆေးကုသရန် ဆေးဝါးမရှိကြောင်းလည်း သိရှိရသည်။

မောင်တောမြို့နယ်အတွင်း နေထိုင်လျက်ရှိသည့် ရက္ခိုင်အပါအဝင် မူဆလင်၊ ဟိန္ဒူ၊ မြို၊ သက်နှင့် ဒိုင်းနက်များကိုလည်း ထပ်မံ ဆေးကုသမှုများ ပေးနေကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) သည် ပြည်သူလူထုများ၏ ကျန်းမာရေးသာမက စားဝတ်နေရေး အဆင်ပြေစေရန်အတွက်လည်း စားနပ်ရိက္ခာထောက်ပံ့မှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ