AB News – ဒီဇင်ဘာ ၂၇၊ ၂၀၂၄
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း ကြိမ်ချောင်းနှင့် တောင်ပြိုအကြားတွင် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော ARSA တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်၊ ညနေ ၄နာရီ၊ ၄၀ မိနစ်အချိန်တွင် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး ၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်မှ ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် “၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ ညနေ (၄) နာရီ (၄၀) မိနစ်အချိန်တွင် အာရက္ခပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းမှ တောင်ပြိုသို့ ဈေးသွားဝယ်သော အရပ်ဘက် ခရီးသည်ကားတစ်စီးအား အင်အား (၂၅) ဦးခန့်ပါ ARSA တပ်ဖွဲ့ဝင်များမှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆) ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်” ဟု ဖော်ပြထားသည်။
ARSA အကြမ်းဖက်အဖွဲ့ဝင်များ၏ ခြုံခိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသော သူများကို အာရက္ခတပ်တော်မှ ကျန်းမာစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရှိရသည်။
အရပ်ဘက် ပြည်သူလူထုများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့အား အာရက္ခ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒုတိယနေ့အဖြစ် လိုက်လံရှာဖွေလျက်ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
မောင်တောခရိုင်အတွင်းရှိ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ARSA အကြမ်းဖက်အဖွဲ့ဝင်များသည် ဒေသခံအရပ်သားပြည်သူများကို အကြမ်းဖက် သတ်ဖြတ်လျက်ရှိသည်။