သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော ကျီးကန်းပြင် ဌာနချုပ်ဟောင်းကို စစ်ကောင်စီ ဗုံးကြဲ

AB News-မတ် ၁၊ ၂၀၂၅

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညဉ့်သန်းခေါင်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီက အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားသည့်  မောင်တောမြို့နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် စခန်းဟောင်း ကျီးကန်းပြင်ဌာနချုပ်ကို  လာရောက်ဗုံးကြဲခဲ့ကြောင်း သိရသည်။

ဂျက်တိုက်လေယာဉ်မှ ဗုံးကြဲသံကို ညဉ့်သန်း​ခေါင် အချိန် ၁၁ နာရီ ၅၁ မိနစ်တွင်ကြားခဲ့​ပြီး ပေါက်ကွဲသံ၂ ချက်ကို ကျယ်လောင်စွာကြားခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

“လူတွေအိပ်လို့ကောင်းနေတဲ့အချိန် ညဉ့်သန်းခေါင်ကြီးဂျက်တိုက်လေယာဥ်နဲ့ ဗုံးလာကြဲသွားတာဗျ၊ ကျီးကန်းပြင်ဌာနချုပ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးချသွားတယ်လို့ ကြားတယ်။ အထိအခိုက်အသေအပျောက် ရှိ မရှိတော့မသိရသေးဘူးဗျ” ဟု ဒေသခံတစ်ဦးမှ AB News သို့ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ရက် နံနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်ရှိ ရှောက်ချောင်းကျေးရွာကို  လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့ပြီး ညနေပိုင်းတွင် မြေပြင်တပ်က ဝင်ရောက်ပြီး တစ်ရွာလုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း  ဒေသခံများဆီမှ သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။

စစ်ရှုံးနေသော အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများနှင့် အများပြည်သူ့အဆောက်အဦးများ၊ ဆေးရုံဆေးခန်းများကို လေကြောင်း တိုက်ခိုက်မှုများ အပြင်းအထန်  ဆက်တိုက်ပြုလုပ်လာသည့်အတွက် အရပ်သားပြည်သူများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ လေကြောင်းအန္တရာယ်ကို အထူးသတိထားနေထိုင်ကြရန် သတိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ