AB News – မေ ၂၇၊ ၂၀၂၆
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် အကြမ်းဖက်မှုအမျိုးမျိုးကို ကျူးလွန်နေကြသော မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ အန္တရာယ်ကို ကာကွယ်တားဆီးရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ အပါအဝင် နိုင်ငံတကာ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အာရက္ခတပ်တော်က မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ မူဆလင်လက်နက်ကိုင်အဖွဲ့များသည် ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် အဓိက လှုပ်ရှားသွားလာလေ့ရှိပြီး ဒေသခံပြည်သူများအား ပြန်ပေးဆွဲခြင်း၊ ခြုံခိုပစ်ခတ်တိုက်ခိုက်ခြင်း၊ အကြမ်းဖက် ညှင်းပန်းနှိပ်စက်ခြင်းများနှင့် တောတောင်များအတွင်း လူသူပြတ်လပ်သည့်နေရာများ၌ မိုင်းထောင်ခြင်းများကိုပါ ပြုလုပ်လေ့ရှိသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်၊ နံနက် ၁၁ နာရီခွဲခန့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင် (ရက္ခိုင်အခေါ် ရွာတော်ခရိုင်)၊ နိုင်ကွန်းချာရီမြို့နယ် (ရက္ခိုင်အခေါ် နတ်ကျောက်ဆရီမြို့နယ်) ၌ မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ၎င်းအနီးအနားတွင် တောင်ယာလုပ်ကိုင်နေသည့် ဒေသခံအပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးခဲ့ရသည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း၊ အဘူဂျာကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အာအတ်ဆော်လမ်နှင့် မာမတ်မီနုစ် ဟုခေါ်သည့် မူဆလင်လူငယ်နှစ်ဦးမှာ ပုဇွန်တာသို့ ညအိပ်သွားရင်း ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
၎င်းတို့အား မိသားစုဝင်များ၊ ရွာသားများနှင့်အတူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာန(DLEPS) တို့ ပူးပေါင်းရှာဖွေခဲ့ကြရာ ဧပြီလ ၂ ရက်နေ့တွင် အဘူဂျာရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ပုစွန်တာဟောင်းတစ်ခု၌ လက်ပြန်ကြိုးတုတ်၊ လည်ပင်းလှီးဖြတ်ကာ ကျောက်တုံးများဖြင့် ဖုံးဖိထားသည့် ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ရသည်။
ထိုနေရာအနီးတွင် UNHCR တံဆိပ်ပါစောင်များနှင့် အကြမ်းဖက်မူဆလင်လက်နက်ကိုင်များ စခန်းချခဲ့သည့် လက္ခဏာရပ်များ တွေ့ရှိရသဖြင့် ၎င်းတို့နှစ်ဦးကို ARSA အဖွဲ့မှ ကိုယ်ကျိုးစီးပွားအတွက် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမူဆလင်အသိုင်းအဝန်းက ပြောဆိုကြသည်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) ၏ စစ်တမ်းအချက်အလက်များအရ ရက္ခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မူဆလင်လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆၂ ဦး သေဆုံးခဲ့ပြီး၊ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကာ အခြားအရပ်သား ၃၀ ဦးခန့်မှာလည်း လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင်ဒုက္ခသည်စခန်းများအတွင်း၌ ARSA၊ RSO၊ ARA နှင့် ARO စသည့် အဖွဲ့အစည်းအသီးသီးအကြား နယ်မြေစိုးမိုးရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုများနှင့် ဒုက္ခသည်များအပေါ် ငွေညှစ်ခြင်း၊ ပြန်ပေးဆွဲခြင်း ရာဇဝတ်မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါအဖွဲ့များသည် ဘူးသီးတောင်၊ မောင်တောမြို့သိမ်းတိုက်ပွဲများအတွင်း မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ အာရက္ခတပ်တော်(AA) ကို တိုက်ခိုက်ရန်အတွက် ဒေသခံမူဆလင်လူငယ်များကို အတင်း အဓမ္မ စစ်သားစုဆောင်းခြင်းနှင့် လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် မြို့ရွာများကို မီးရှို့ခြင်းများကိုပါ ကျူးလွန်ခဲ့ကြသည်။
ထို့ကြောင့် အာရက္ခတပ်တော်အနေဖြင့် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများ ပပျောက်စေရေး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲရန် ယခုကဲ့သို့ တရားဝင် ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း ဒေသတွင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
