
AB News – မတ် ၄၊ ၂၀၂၅
မင်းပြားမြို့၊ ရွှေမင်းဂံရပ်ကွက်တွင် စစ်ကျန်ဗုံးသီး ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက်အရွယ် ကလေးငယ် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ရွှေမင်းဂံရပ်ကွက်နေ ဦးရဲနိုင်စိုး၏ နေအိမ်ခေါင်မိုးပေါ်၌ ရှိနေသော စစ်ကျန်ဗုံးသီး ၁ လုံးသည် ပြုတ်ကျပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက်ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
“ဒီနေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဖြစ်သွားတာပါ။ ဦးရဲနိုင်စိုးရဲ့ အိမ်ခေါင်မိုးပေါ်ကနေ ဗုံးသီး ၁ လုံး ပြုတ်ကျပြီး ပေါက်ကွဲလို့ ကလေးငယ် ၁ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတာပါ” ဟု ၎င်းက ဆိုသည်။
စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိသူမှာ ရွှေမင်းဂံရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ် မောင်အောင်မင်းဌေး ဖြစ်သည်။
၎င်းသည် ဘယ်ဘက်ပေါင်နှင့် ညာဘက်လက်ဖျံတို့တွင် ဗုံးစထိမှန်ခဲ့ပြီး လက်ရှိတွင် အနီးဆုံးဆေးခန်း၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင်လည်း မင်းပြားမြို့၊ အောင်သာယာရပ်ကွက်မှ ဦးအောင်သာချေသည် ယခင်စစ်ကောင်စီတပ်ရင်း ခမရ (၃၇၉) အနီးသို့ မျှစ်သွားခူးစဉ် စစ်ကောင်စီထောင်ထားခဲ့သော မိုင်းကို နင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။