AB News – မတ် ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် ဘုရားကျောင်းသို့ ဆီမီးထွန်းရန်သွားသည့် အသက် ၇ နှစ်အရွယ် ဟိန္ဒူအမျိုးသမီးငယ် တစ်ဦး ပျောက်ဆုံးသွားခဲ့ပြီးနောက် ၂ ရပ်ကွက်ရှိ ဗလီတစ်ခုအနီး ရေကန်ဘေးတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဘူးသီးတောင်မြို့ ၂ ရပ်ကွက်
တွင် နေထိုင်သည့် အသက် ၃၇ နှစ်အရွယ် ဦးဘူရာဒါန်း၏ သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် မရီကာဘာလ ဖြစ်သည်။
သူမသည် မတ်လ ၁ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်တွင် နေအိမ်မှ ဘုရားကျောင်းသို့ ဆီမီးထွန်းရန်အတွက် ထွက်ခွာသွားခဲ့ရာမှ ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက “ကျမတို့ သမီးလေးက ညနေ ၆ နာရီလောက်မှာ ဘုရားဆီမီးထွန်းမယ်ဆိုပြီး အိမ်ကထွက်သွားတာပါ။ ၁ နာရီကျော်ကြာတဲ့အထိ အိမ်ပြန်မရောက်လာတော့ ကျမတို့လည်း ထမင်း၊ ဟင်းတွေချက်ပြီးမှ သမီးကို စိုးရိမ်ပြီး လိုက်ရှာကြပါတယ်။ ည ၇ နာရီထိုးတဲ့အထိ ရှာမတွေ့ဘူး။ မိသားစုဝင်တွေအကုန် ဝိုင်းရှာကြပေမယ့် ရှာမတွေ့ခဲ့ပါဘူး။ နောက်ဆုံး ည ၈ နာရီကျော်လောက်မှာမှ ဆေးရုံရဲ့တစ်ဖက်ခြမ်းက ဗလီအနားက ရေကန်ဘေးမှာ သေဆုံးနေတာကို တွေ့ရတာပါ” ဟု ဆိုသည်။
ကလေးငယ်၏ အလောင်းကို တွေ့ရှိစဥ်တွင် ပုံမှန်မဟုတ်သည့် အခြေအနေများကြောင့် တစ်စုံတစ်ဦးက သတ်ဖြတ်သွားခြင်း ဖြစ်နိုင်သည်ဟု မိသားစုဝင်များက ယူဆနေကြသည်။
“ကလေးက စောင်တစ်ထည်ပေါ်မှာ တင်လျက်သား သေဆုံးနေတာပါ။ ဒါက တစ်ယောက်ယောက်က သတ်ဖြတ်သွားတာပဲ ဖြစ်ရမယ်။ ကလေးက ရေနစ်သေတာနဲ့လည်း မတူဘူး။ သူ့ရဲ့ခေါင်းက ဆံပင်တွေ နည်းနည်းစိုနေပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးက ရေစိုမနေဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ကလေးငယ်၏ ရုပ်အလောင်းအား တွေ့ရှိပြီးနောက် အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန DLEPS တပ်ဖွဲ့ဝင်များကလည်း အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ကွင်းဆင်း စစ်ဆေးမှုများနှင့် သက်သေခံပစ္စည်းများ စုဆောင်းခြင်းများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် အဆိုပါ ဟိန္ဒူအမျိုးသမီးငယ် သေဆုံးမှုနှင့် ပတ်သက်၍ မည်သည့်အကြောင်းရင်းကြောင့် သေဆုံးရသည်ကို အတိအကျ မသိရသေးဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမှုမှန်ပေါ်ပေါက်စေရန် စုံစမ်း စစ်ဆေးပေးစေလိုကြောင်း ဒေသခံများနှင့် မိသားစုဝင်များက လိုလားနေကြသည်။
ဘူးသီးတောင်မြို့တွင် ယခုကဲ့သို့ ကလေးငယ်တစ်ဦး မသင်္ကာဖွယ် သေဆုံးမှုကြောင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Photo – Hein Tun/AB News


