သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင် ရှစ်သောင်းကျော် သောက်သုံးရေနှင့် စားနပ်ရိက္ခာ အခက်အခဲဖြင့် ရင်ဆိုင်နေရ

AB News – ဧပြီ ၂၇၊ ၂၀၂၅

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သည့် စစ်ဘေးရှောင် ၈ သောင်းကျော်သည် သောက်သုံးရေနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။

စစ်ဘေးရှောင်ဦးရေ ၈၀,၀၀၀ ကျော်သည် ၎င်းစခန်းများတွင် ခိုလှုံနေကြရပြီး နေ့စဉ်ဘဝရပ်တည်ရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

စစ်ဘေးရှောင်ပြည်သူများသည် တစ်နေ့လျှင် အသွားအပြန် ၁ နာရီခန့် ခြေလျင် လမ်းလျှောက်၍ နီးစပ်ရာရွာများသို့သွားရောက်ကာ ရေခပ်ယူနေရသည်ကို AB News သတင်းထောက်များက ကွင်းဆင်းတွေ့ရှိခဲ့ရသည်။

စားနပ်ရိက္ခာပြတ်လပ်မှုသည်လည်း စစ်ဘေးရှောင်များအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ လုံလောက်သောရိက္ခာထောက်ပံ့မှု မရရှိသောကြောင့် စစ်ဘေးရှောင်များသည်ဆာလောင်မွတ်သိပ်မှုနှင့် ရင်ဆိုင်နေရပြီး ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ဘေးရှောင်များက ထောက်ပြသည်။

အချို့ စစ်ဘေးရှောင်များသည် ရေမချိုးရသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး ရရှိလာသော ရေအနည်းငယ်ကိုပင် အစားအစာချက်ပြုတ်ရန်အတွက်သာ အသုံးပြုနေရကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက AB News သို့ပြောသည်။

“ကျမတို့ရေခပ်ရတာ အချိန်ပိုင်းနဲ့ခပ်နေရပါတယ်။ ရေ ၂ ပုံးလောက်ပဲရတယ်။ ကျမတို့ ရေမချိုးရတာ ၃ ရက်လောက်ရှိပါပြီ။ အနည်းငယ်ရတဲ့ရေကိုလည်း ထမင်း၊ ဟင်း ချုက်ပြုတ်ရတယ်။ ရေက အခက်အခဲရှိပါတယ်” ဟုဆိုသည်။

​ရေရရှိရေးအတွက် စခန်းအနီးတွင် အနက်ပေ ၂၀ မှ ၃၀ အထိ ရေတွင်းများ တူးဖော်ထားသော်လည်း ရေတစ်ပုံးရရှိရန် ၄ နာရီခန့် စောင့်ဆိုင်းရသည်ကို တွေ့ရသည်။

ယခင်နှစ်က နိုင်ငံတကာအဖွဲ့အစည်းများမှ စားနပ်ရိက္ခာအကူအညီ ရံဖန်ရံခါ ရရှိခဲ့သော်လည်း ယခုအခါ ထိုအကူအညီများ မရရှိတော့သည့်အတွက် ဒေသခံပြည်သူများသည် ယခင်ထက်ပို၍ အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။

စားနပ်ရိက္ခာ လုံလောက်စွာ မရရှိသောကြောင့် စစ်ဘေးရှောင်များသည် အာဟာရချို့တဲ့ခြင်းနှင့် ဆက်စပ်သော ကျန်းမာရေးပြဿနာများ ခံစားနေရကြောင်း စစ်ဘေးရှောင် အမျိုးသား တစ်ဦးက AB News သို့ပြောသည်။

” ကျနော်တို့မှာ စားစရာလည်းမရှိဘူး။ အဖွဲ့အစည်းတွေက ထောက်ပံ့ပေးတာမျိုးလည်း မရှိတော့ဘူး။ အဟာရမပြည့်ဝလို့ရှိရင် ကျန်းမာရေးတွေ ထိိခိုက်လာနိုင်ပါတယ်။ ပိုက်ဆံကမရှိတော့ ပိုဆိုးသွားနိုင်ပါတယ်။ ဖြစ်နိုင်ရင် ရေနဲ့ စားနပ်ရိက္ခာတွေ ကူညီပေးစေချင်ပါတယ် “ဟုဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေသော ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်လျက်ရှိသည်။

သောက်သုံးရေရရှိရေးအတွက် ရေရှည်တည်တံ့သော နည်းလမ်းများ ရှာဖွေခြင်း၊ စားနပ်ရိက္ခာများကို လုံလောက်စွာ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခြင်းတို့သည် အလွန်အရေးကြီးသော လိုအပ်ချက်များဖြစ်​နေကြောင်း AB News ကထောက်ပြလိုသည်။

သက်ဆိုင်ရာ အာဏာပိုင်များ၊ လူမှုကူညီရေးအဖွဲ့များနှင့် အလှူရှင်များအနေဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ သောက်သုံးရေနှင့် စားနပ်ရိက္ခာများကို အရေးပေါ် ဖြည့်တင်းကူညီပေးရန် အထူးလိုအပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ