
AB News – ဇန်နဝါရီ ၃၁ ၊ ၂၀၂၅
ပလက်ဝမြို့နယ်၊ စေတီပြင်သောင်အနီးတွင် စက်လှေချင်းတိုက်မိရာ စက်လှေ ၂ စီး မီးလောင်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် ပလက်ဝမြို့နယ်၊ ဒိုးချောင်းရွာမှ ဦးဘအေး၏ မုန့်ဖာ တင်ဆောင်လာသည့် စက်လှေအား စေတီပြင်ရွာ၌ သောင်တင်နေစဥ် ဓာတ်ဆီပေပါ တင်ဆောင်လာသော ကျောက်တော်မြို့နယ်၊ လိပ်ကန်ရွာမှ ဦးမောင်မြင့်စိုး၏ စက်လှေမှာ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ စက်လှေတိုက်မှုဖြစ်စဥ်အတွင်း မောင်မြင့်စိုးစက်လှေ၌ တင်ဆောင်လာသည့် ဆီပေပါများ ပွင့်ထွက်ကာ စက်လှေ ၂ စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သူမှာ ဦးဘအေး၏ စက်လှေမောင်းနှင်သူ ပလက်ဝမြို့နယ်၊ စေတီပြင်ရွာမှ ကိုစိုးမြင့် ၂၃ နှစ် ဖြစ်သည်။
မီးလောင်မှုဖြစ်စဥ်အတွင်း ၎င်း၏ မျက်နှာနှင့် လက်နှစ်ဖက်တွင် ဒဏ်ရရှိသွားခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ထိုသို့ စက်လှေတိုက်မှုဖြစ်စဥ်နှင့် ပတ်သတ်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။