AB News – ဧပြီ ၂၊ ၂၀၂၅
တအောင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချခဲ့သည့်အပြင် ဒရုန်း၊ ဟောင်ဝေဇာအမြောက်များကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLA မှ ထုတ်ပြန်လိုက်သည်။
နောင်ချိုမြို့နယ်၊ လုံခံကျေးရွာကို စစ်ကောင်စီတပ်မှ ယမန်နေ့ မေလ ၁ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးလာရောက်ကြဲချခဲ့သည့်အပြင် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ ၃၅၄ တပ်စခန်းမှ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရှိရာနေရာများကို ဒရုန်းများဖြင့် ဗုံးကြဲချခြင်း၊ ဟောင်ဝေဇာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ ညနေ ၈ နာရီ ၃၀ မိနစ်ခန့်အချိန်တွင်လည်း စစ်ကောင်စီသည် မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားတွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချခဲ့သည်။
ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီး (၂၆)လုံး၊ အဆိပ်ငွေ့ ဗုံး (၃၇)လုံးအပြင် ဂျက်ဖိုက်တာဖြင့် ဗုံး (၃၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်သော မြို့နယ်များသို့ စစ်ကောင်စီမှ စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင်နေထိုင်သည့် ပြည်သူများကို လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။