
AB News-ဒီဇင်ဘာ ၈၊ ၂၀၂၄
နတ်မြစ်အတွင်း အာရက္ခပြည်ဖက်ခြမ်းတွင် ရေကြောင်း ခရီးသွားလာမှုများကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ကြောင်း အာရက္ခတပ်တော်က ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နေ့လည်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အာရက္ခတပ်တော်က မောင်တောတွင် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ဖြစ်သည့် အမှတ် ၅ နယ်ခြားစောင့်တပ်ခွဲအား ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် အလုံးစုံသိမ်းပိုက်ပြီးနောက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မောင်တောမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ စခန်းများ အားလုံးကို အာရက္ခတပ်တော်က သုတ်သင်ရှင်းလင်းပြီးဖြစ်သော်လည်း အစ္စလာမ်မစ်အစွန်းရောက် အဖွဲ့များဖြစ်သည့် ARSA, ARSO, ARA နှင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီအဖွဲ့ဝင်များ ရှိနေသေး၍ တိုက်ပွဲများ ဆက်ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
နခခ ၅ မှ ထွက်ပြေးလွတ်မြောက်နေသည့် စကစအဖွဲ့များနှင့် အစ္စလာမ်မစ်အစွန်းရောက်အုပ်စုများဖြစ်သည့် ARSA, ARSO ARA နှင့် စကစ သင်တန်းပေးထားသည့် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ် နတ်မြစ်တလျှောက်၌ စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေများဖြင့် ထွက်ပြေးရန် ကြိုးစားနေကြသောကြောင့် စစ်ရေးလိုအပ်ချက်နှင့် ပြည်သူ့လုံခြုံရေးအတွက် နတ်မြစ် အာရက္ခပြည်ဖက်ခြမ်းအတွင်း ရေကြောင်း သွားလာမှုများကို အချိန်၊ ရက်အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်သည်ဟု AA က ထုတ်ပြန်လိုက်သည်။