
AB News – ဒီဇင်ဘာ ၁၆၊ ၂၀၂၅
မောင်လိုကီ
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance (SRA) ကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့တို့မှ ပူးပေါင်းပြီး ဖွဲ့စည်းတည်ထောင်လိုက်ပြီးဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် SRA က ထုတ်ပြန်ခဲ့သည်။
၎င်းတပ်ပေါင်းစု ဖွဲ့စည်းတည်တောင်လိုက်သည်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်ကာ ယမန့်နေ့ကမှ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်ပေါင်းစုအား ကတိကဝတ် ၄ ရပ်ဖြင့် တပ်ဖွဲ့ ၁၉ ဖွဲ့က ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ ၇ ဖွဲ့က ၂၀၂၅ ခုနှစ်၊ မေလအတွင်း စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကာ နိုဝင်ဘာလ ပထမပတ်တွင် တပ်ဖွဲ့ ၁၄ ဖွဲ့မှ ကနဦး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ ၂၃ ရက်နေ့ထိ ၃ ရက်တာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။
၎င်းမဟာမိတ် တပ်ပေါင်းစု ၁၉ ဖွဲ့တွင်
၁။ 96 Soldiers PDF
၂။ ဗမာ့တပ်တော် (BA)
၃။ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)
၄။ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)
၅။ ချင်းညီနောင် (CB)
၆။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF)
၇။ Force For Federal Democracy (FFD)
၈။ Generation Z Army (GZA)
၉။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)
၁၀။ ကလေးဒေသကာကွယ်ရေးတပ် (KRF)
၁၁။ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGGWAY PDF)
၁၂။ မွန်ပြည်တော်လှန်ရေးတပ် (MSRF)
၁၃။ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)
၁၄။ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PLA)
၁၅။ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ ပအိုဝ်င်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK)/(PPDF-KD)
၁၆။စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)
၁၇။ ကျောင်းသားလက်ရုံးတပ်တော် (SAF)
၁၈။ ယောတပ်တော် (YA)
၁၉။ ယောကာကွယ်ရေးတပ် (YDF) အဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း တွေ့ရသည်။
၎င်းတို့အဖွဲ့အစည်းမှာ စစ်ကော်မရှင်၏ ၎င်းတို့အာဏာတည်မြဲရေးအတွက် မြန်မာ့ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျုးလွန်နေခြင်းကို နည်းဗျူဟာမြောက်စွာ ခုခံတွန်းလှန်သွားနိုင်ရန်အတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ပြည်သူလူထုများမျှော်လင့်တောင်းတနေကြသည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ပေါက်ရေးအတွက် တောင်းဆိုချက်များ၊စစ်ကော်မရှင်၏ စစ်ရာဇဝတ်ချိုးဖောက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကျပ်အတည်းများမှ အမြန်ဆုံးလွတ်မြောက်နိုင်ရန်နှင့် ပြည်သူလူထု၏ ဖက်ဒရယ်ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဂျန်ဒါတန်းတူရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးလိုလားချက်များ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မဟာမိတ်တပ်ပေါင်းစုက ကတိကဝတ်ပြုကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။