AB News – အောက်တိုဘာ ၂၉၊ ၂၀၂၅
ဖြိုးဝေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဖာမွန်းကျေးရွာအုပ်စု၊ ကောင်ရွေရွာတွင် မီးရှုးမီးပန်း ပြုလုပ်စဥ် ယမ်းပေါက်ကွဲမှု ဖြစ်ပွား၍ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
ယမန်နေ့ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၉ နာရီ၊ ၄၅ မိနစ်အချိန်တွင် ဖာမွန်းရွာရှိ နေအိမ် ၁ လုံးတွင် တန်ဆောင်တိုင် မီးပုံးပျံပွဲအတွက် ယမ်း စမ်းသပ်မှုပြုလုပ်စဥ် ပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရှိရသည်။
ယမ်းပေါက်ကွဲမှုဖြစ်စဥ်တွင်း ကွမ်းယာဆိုင်မှ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၂ ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့သည်။
မီးလောင်ကျွမ်းသည့်နေအိမ်သို့ မီးသတ်ကား ၃ စီးဖြင့် လာရောက်၍ မီးငြှိမ်းသတ်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ကြက်ခြေနီအဖွဲ့က အရေးပေါ်လူနာတင်ယာဥ်ဖြင့် စစ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ယခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ မီးပုံးပျံအရုပ်များကို စတင်လွှတ်တင်နေပြီး ပထမရက်တွင် နေ့လွှတ်အရုပ် မီးပုံးပေါင်း အလုံး ၃၀ လွှတ်တင်ပေးခဲ့ကြောင်း သိရှိရသည်။
တောင်ကြီးမြို့ ညလွှတ်မီးပုံးပျံ စာရင်းများမှာ စိန်နားပန်း ၃၇ လုံး၊ ၂၂ ပေ ၂၅ လုံး၊ ၂၅ ပေ ၁၈ လုံး စုစုပေါင်း ညလွှတ်အလုံး ၈၀ ကျော် လွှတ်တင်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကလောမြို့၊ ရပ်ကွက် ၃ရှိ နယ်မြေ ၉ တွင် မီးပုံး ယမ်း မတော်တဆ ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။



