AB News – မတ် ၁၁ ၊ ၂၀၂၅
ရက္ခိုင်ပြည် ၊ တောင်ကုတ်မြို့ ၊ ကံပိုင်ရပ်ကွက်တွင် စစ်ကျန်မိုင်းနင်းမိ၍ အမျိုးသား ၁ ဦး ခြေ ၁ ဘက် ပြတ်ထွက်သွားခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။
ယနေ့ ၊ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အနီးသို့ ဟင်းရှာသွားစဥ် စစ်ကျန်မိုင်းနင်းမိ၍ အမျိုးသား ၁ ဦး ပြတ်ထွက်ခဲ့ကြောင်း ဒေသခံ ၁ ဦးက AB News သို့ပြောသည်။
” စစ်ကောင်စီ တပ်စခန်း (စကခ-၅) အနီးကို ဟင်းရှာသွားတာ ။ မိုင်းနင်းမိလို့ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားတယ် ။ ဒဏ်ရာက ပြင်းတယ်” ဟု ဆိုသည်။
စစ်ကျန်မိုင်းနင်းမိ၍ ဘယ်ဘက် ခြေထောက်ပြတ်ထွက်သွားသူမှာ အသက် ၃၄ နှစ်အရွယ် ဦးမောင်ဌေးဝင်းဖြစ်သည်။
လက်ရှိတွင် ၎င်းသည် နီးစပ်ရာ ဆေးခန်း၌ ဆေးကုသမှုခံယူထားကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်လည်း စစ်ကျန်မိုင်းနင်းမိ၍ တောင်ကုတ်မြို့ ၊ ကံပိုင်ရပ်ကွက်မှ အမျိုးသား ၁ ဦး ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့သည်။
အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီထောင်ထားခဲ့သည့် စစ်ကျန်မိုင်း ၁ လုံးကို နင်းမိရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အမျိုးသမီး ၁ဦး ခြေ ၁ ဘက်ပြတ်ထွက်သွားခဲ့သည်။
လက်ရှိတွင် အာရက္ခတပ်တော် AA ၏ မိုင်းရှင်းလင်းရေးတပ်ဖွဲ့ဝင်များက ပြည်သူများနေထိုင်သည့် လမ်း ၊ တံတား ၊ ကျေးရွာများကို မိုင်းရှင်းလင်းရေး လုပ်ပေးနေကြောင်း တွေ့ရသည်။
ထို့အပြင် တော၊ တောင်များနှင့် ဘေးအန္တရာယ်များသည့် နေရာများတွင် ”မိုင်းသတိ” ထားစေရန်အတွက် မိုင်းသတိပေး ဆောင်ပုဒ်မျာလိုက်လံ ကပ်ပေးနေပြီး ၊ ပြည်သူများနေထိုင်သည့် ကျေးရွာများတွင်လည်း မိုင်းဘေးအန္တရာယ် ”သတိထား ၊ သတိပေး” ဆွေးနွေးမှုများကို လုပ်ဆောင်ပေးလျှက်ရှိနေသည်။