သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် စစ်ကျန်မိုင်းနင်းမိ၍ အမျိုးသမီး ၁ ဦး ခြေ ၁ ဘက် ဆုံးရှုံး

AB News – ဧပြီ ၂၇၊ ၂၀၂၅

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ဖုံညိုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ထောင်ထားခဲ့သော စစ်ကျန်မိုင်း ၁ လုံးကို နင်းမိသဖြင့် သက်ကြီးပိုင်း အမျိုးသမီး ၁ ဦး ခြေ ၁ ဘက် ပြတ်ထွက်သွားခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

ခြေ ၁ ဘက် ဆုံးရှုံးခဲ့ရသော အမျိုးသမီးမှာ တောင်ကုတ်မြို့နယ်၊ ဖုံညိုရွာမှ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်ချိုသက် ဖြစ်သည်။

ယနေ့ ဧပြီလ ၂၇ ရက်နေ့၊ ညနေ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ဒေါ်ခင်ချိုသက်သည် ၎င်း၏ခြံဝင်းအတွင်း၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် မြေတူးနေစဉ် ယခင် စစ်ကောင်စီတပ်ဖွဲ့များ ထောင်ထားခဲ့သော မိုင်း ၁ လုံးကို မတော်တဆ နင်းမိခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ခြေ ၁ ဘက် ပြတ်ထွက်သွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“ခြံထဲမှာ ဟင်းပင်စိုက်ဖို့ မြေတူးနေတာပါ။ စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မိုင်းကို နင်းမိပြီး ခြေထောက် ပြတ်ထွက်သွားတာ” ဟု ဆိုသည်။

လက်ရှိတွင် ဒေါ်ခင်ချိုသက်သည် အရေးပေါ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ယခင် ဧပြီလ ၂၅ ရက်နေ့တွင်လည်း တောင်ကုတ်မြို့နယ်၊ စေတီကွင်းကျေးရွာမှ အမျိုးသား ၁ ဦးသည် ယခင် စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့သည့် တောင်ဆိပ်တဲစုအနီးရှိ လယ်ဂျိုင်တောင်တွင် တောခုတ်ထွင် ရှင်းလင်းစဥ် ကျောက်ကြားတွင် ညှပ်၍ မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့သော ဗုံးသီး ၁ လုံးကို ဆွဲထုတ်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ထိုနေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ရက္ခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် (ULA/AA) သည် မိုင်းရှင်းလင်းရေး လုပ်ငန်းများအပြင် မိုင်းနှင့် စစ်ကျန်လက်နက်များအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲများ ကျင်းပခြင်း၊ မိုင်းသတိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့သော ကြိုးပမ်းအားထုတ်မှုများ ရှိနေသော်ငြားလည်း မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူ အများစုမှာ အသက်ဆုံးရှုံးခြင်းနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းကဲ့သို့သော ဆိုးရွားသည့် အကျိုးဆက်များကို ဆက်လက် ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ