
AB News – ဧပြီ ၂၁ ၊ ၂၀၂၅
ရက္ခိုင်ပြည် ၊တောင်ကုတ်မြို့တွင် သရက်သီးသွားခူးသည့် အမျိုးသား ၁ ဦး စစ်ကျန်မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိ သွားခဲ့ကြောင်းသိရှိရသည်။
စစ်ကျန်မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသွားသူမှာ သူရအောင်ဖြစ်သည်။
ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သူရအောင်နှင့် အလတ်ချေ တို့သည် တောင်ပေါ်သို့ သရက်သီးသွားခူးစဥ် သူရအောင်မှာ စစ်ကျန်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူ ၁ ဦးက AB News သို့ပြောသည်။
” မနေ့က ညနေလောက်မှာ သူတို့နှစ်ယောက်က တောင်ပေါ်သွားပြီး သရက်သီးသွားခူးကြတာ။ အဲဒီမှာ သူရအောင်က မိုင်းနင်းမိလို့ ဘယ်ဘက်ခြေထောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်” ဟု ဆိုသည်။
လက်ရှိတွင် သူရအောင်မှာ နီးစပ်ရာ ဆေးခန်း၌ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကလည်း တောင်ကုတ်မြို့မှ ကိုခင်စန်းမောင်နှင့် တောင်ကုတ်မြို့နယ် ၊ ဝက်ပြဲကျေးရွာမှ မချစ်စုတို့ ၂ ဦးသည် မိုင်းနင်းမိ၍ ညာဘက်ခြေထောက်ပြတ်ထွက်သွားခဲ့ရသည်။
ရက္ခိုင်တွင် စစ်ကျန်မြေမြှပ်မိုင်းနှင့် ဗုံးသီးပေါက်ကွဲမှုများကြောင့် ပြည်သူများမှာ အသက်ဆုံးရှုံးမှုအပါအဝင် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများ နေ့စဉ်ရက်ဆက် ကြုံတွေ့နေရကြောင်း ရက္ခိုင်ပြည်မှ လူမှုရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။