သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ညောင်ဦး-မြင်းခြံလမ်း၌ သီတာယုမွန် ပျူစောထီးကားကို PDF တိုက်ခိုက်၊ ပျူစောထီး ၅ ဦးသေဆုံး

AB News – ဒီဇင်ဘာ ၁၊ ၂၀၂၅
ဒေဝီ

မန္တလေးတိုင်း၊ ညောင်ဦး-မြင်းခြံလမ်း၌ မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏ ပျူစောထီးအဖွဲ့သားများ မောင်းနှင်စီးနင်းလာသည့် ကားကို PDF တပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယမန်နေ့ နိုဝင်ဘာ ၃၀ ရက် ညပိုင်းက ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို နိုဝင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီး ၅ ဦး သေဆုံးခဲ့ပြီး G-4 သေနတ် ၁ လက်၊ ကာဘိုင် ၂ လက် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မြင်းခြံ-ညောင်ဦးလမ်းပိုင်းပေါ်က တမိုက်သာရွာနားမှာ စခတွေနဲ့ သူတို့ပျူတွေ ပေါင်းထိုင်တဲ့ဂိတ်ကနေ ကင်းပတ်လာတာကို စောင့်တိုက်ခဲ့တာပေါ့ဗျာ။ အခုချိန်မှာတော့ အဲဒီ ညောင်ဦး-မြင်းခြံလမ်းက သူတို့ဘက်က အားကောင်းနေတယ် ပြောရမယ်။ အဲဒီကားပေါ်မှာ သီတာယုမွန်တော့ မပါဘူး။ ကားပေါ်မှာပါလာတာ သူ့တပည့် ပျူတွေ ၅ ယောက်ပါ။ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၄ ယောက်။ သူတို့ ၅ ယောက်လုံး နေရာမှာတင် သေတယ်။ အဲဒီ ကားကတော့ သုံးမရတော့တာကြောင့် ထားခဲ့ရတယ်။ ကားပေါ်ကနေ လက်နက်တွေ သိမ်းပြီး ပြန်ဆုတ်လာကြတာပါ” ဟု ပခုက္ကူမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း (၁) ပကဖ က ရဲဘော်ဒီးနှင့် ရဲဘော်ဓာတ်ဗူးဦးဆောင်သည့် ရဲဘော် ၁၀ ဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အလောင်းလာကောက်သည့် စကမ တပ်သားများသည် အနီးအနားရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စကမ လက်အောက်ခံများနှင့် အနီးကပ်နေထိုင်ခြင်းများအပြင် စကမ လက်အောက်ခံများ၏ မော်တော်ယာဉ်များဖြင့် အနီးကပ်လိုက်ပါမောင်းနှင်ခြင်းများ မပြုလုပ်ကြခြင်းဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အကူအညီပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ