
AB News – ဒီဇင်ဘာ ၃၊ ၂၀၂၅
မာလာဝင်း
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ သိမ်ကျောင်းတံတားအောက်တွင် အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
ဆားတောင်မြို့ရှိ သိမ်ကျောင်းတံတားအောက်၌ အကြမ်းဖက်စစ်တပ်က သတ်ဖြတ်သွားသော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဒေသခံပြည်သူများကတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသတ်ခံခဲ့ရသည့် ပြည်သူ ၅ ဦးသည် မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရုပ်အလောင်းများမှာလည်း ပုပ်ပွနေကြောင်း သိရှိရသည်။
စစ်ကော်မရှင်တပ်စစ်ကြောင်းသည် လက်ရှိချိန်ထိ ဝက်လက်မြို့နယ်နှင့် ဆားတောင်မြို့အနီးကို စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။
ရုပ်အလောင်းများတွေ့ရှိခဲ့သော နေရာကို ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလပိုင်းမှ စတင်၍ အကြိမ်ကြိမ် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ရွာသာကြီးရွာမှ ထွက်လာပြီး မောက်ကဒီးရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကာ လက်ရှိချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရှိရသည်။
ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရွာတော်ကုန်းရွာ၊ တမာကုန်းရွာ၊ ထုံးဘိုရွာ၊ မူးကြီးရွာ၊ တံတားဦးရွာ၊ လှတောရွာ၊ ရွေကျင်ရွာ၊ ခေါတောရွာ၊ စိုင်နိုင်လေးရွာ၊ လိန်ပင်ရွာ၊ မြင်တော်ရွာ၊ ဦးတည်ကုန်းရွာ၊ သရက်ကြီးရွာ၊ ဘုရားပြန်ရွာ၊ ပင်ဇင်းရွာနှင့် ကျီးကန်မြောက်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရာနှင့်ချီသော နေအိမ်များ မီးလောင်ပြာကျခဲ့ရသည်။
ထို့ပြင် စစ်ကော်မရှင်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်ထိ ဝက်လက်မြို့နယ်အတွင်းရှိ ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ တမာကုန်း၊ ရွာတော်ကုန်း၊ အုပ်ဖိုကုန်း၊ ကျီးကန်းတောင်ရွာ၊ လှတော၊လှည်းဦးကြီးကုန်း၊ နှမ်းကြီးကုန်း၊ ရွှေဒါး၊ ရင်းမတော ၊ကုက္ကိုလ်စု၊ ငှက်ပျောတော၊ တကောင်းတောင်၊ ကဒူးများအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၂သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။