သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများက မြန်မာနိုင်ငံကို အကျပ်အတည်း ပိုမိုကျရောက်စေကြောင်း UN ဆို
Photo-Reuters

AB News-နိုဝင်ဘာ ၃၊ ၂၀၂၄

ရာဇဝတ်ဂိုဏ်များ အထိန်းအကွပ်မဲ့လာခြင်းနှင့်အတူ ပဋိပက္ခများ ဆက်လက်တိုးပွားလာသည်နှင့်အမျှ မြန်မာနိုင်ငံသည် အကျပ်အတည်းပိုမို ဆိုက်ရောက်လျှက်ရှိပြီး  လူအပေါင်း၏ ဒုက္ခမှာလည်း ယခင်ကမတွေ့ကြုံဖူးသည့် အခြေအနေအတိုင်းအတာများအထိ ရှိလာကြောင်း ကုလသမဂ္ဂအစီရင်ခံစာ တစ်ခုတွင် သတိပေးထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘီချော့ပ် က “မြန်မာနိုင်ငံရှိ ပဋိပက္ခတွင် ပါဝင်နေသူများသည် လက်ရှိတွင် ကိုယ်အနိုင်ရပြီး တပါးသူဆုံးရှုံးစေမည့် စိတ်နေစိတ်ထားမျိုးကို ကျော်လွန်၍ ရှေ့ဆက်ရမည်ဖြစ်ကြောင်း အင်္ဂါနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မီတီကို ပြောကြားခဲ့သည်။​

အရပ်သားပြည်သူများကို သေကြေဆုံးရှုံးမှုများ ဖြစ်စေပြီး အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ တိုးမြင့်လာသည့်အချိန် ပြည်သူလူထု၏ လိုအပ်ချက်ကို ပြည့်မှီအောင်လုပ်ခြင်းနှင့် ပတ်သက်၍ တိုးတက်မှု လုံးဝမရှိကြောင်းကို အလေးအနက်ပြောကြားကာ အကြမ်းဖက်လုပ်ရပ်များ အဆုံးသတ်ပေးရန် ဘီချောပ့်က တောင်းဆိုခဲ့သည်။

ဤပဋိပက္ခများသည် မြန်မာနိုင်ငံတွင် ထွက်ပေါ်လာသည့် ရာဇဝတ်မှုများ ပိုမိုကြီးထွားလာခြင်းလာအောင် တရားဥပဒေစိုးမိုးမှုကို ဆိုးဆိုးရွားရွားထိခိုက်စေသည်ဟု လည်း ဘီချောပ့်က ဆိုသည်။

လက်နက်ထုတ်လုပ်ရောင်းဝယ်သည့် အတိုင်းအတာ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးထုတ်လုပ်မှု၊ မူးယစ်ကုန်ကူးမှု၊ အများပြည်သူကို လိမ်လည်ရန် နေရာများတိုးပွားလာခြင်းတို့သည် အရှေ့တောင်အာရှနိုင်ငံများကြား စနစ်တကျလုပ်ဆောင်လာသည့် ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံကို အမြင့်ဆုံးအဆင့်သတ်မှတ်ချက်ကို ရောက်စေသည်၊ ရာဇဝတ်ဂိုဏ်များမှာလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်လျှက်ရှိကြောင်း ဘီချောပ့်က ပြောကြားခဲ့သည်။​

“အမေ့လျော့ခံ ပဋိပက္ခ”

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို စစ်တပ်ကဖယ်ရှားလိုက်ပြီး ဒီမိုကရေစီအုပ်ချုပ်မှု ပြန်ရရှိရေးအတွက် တောင်းဆိုကြသော ဆန္ဒပြပွဲများကို အကြီးအကျယ်နှိမ်နင်းခဲ့သည်.

လွန်ခဲ့သည့်နှစ်က အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်များ နယ်မြေအများအပြား စိုးမိုးသိမ်းပိုက်လာပြီး စစ်ကောင်စီတပ်မှာလည်း တိုက်ပွဲများတွင် အကြီးအကျယ် အရှုံးနှင့်ချည်း ရင်ဆိုင်နေရသည်။

ကုလသမဂ္ဂခန့်မှန်းချက်များအရ မြန်မာနိုင်ငံတစ်ဝှမ်း လူပေါင်း ၃ သန်းကျော်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ၁၈.၆ သန်းနီးပါးမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျှက်ရှိသည်။

သြစတြေးလျှ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ဖူးသူ ဘီချောပ့်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အတိုက်အခံ ကိုယ်စားလှယ်များအပြင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင်  စစ်ကောင်စီ အစိုးရအဖွဲ့များနှင့် တွေ့ဆုံပြီး ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

သို့ရာတွင် အစည်းအဝေးများကို မည့်သည့်အချိန်က ပြုလုပ်ခဲ့သည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိလှပဲ ဘီချောပ့်ကလည်း အသေးစိတ်ကို မရှင်းပြပေ။

ကုလသမဂ္ဂကိုယ်စားလှယ် ဘီချောပ့်သည် တရုတ်နှင့် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများကို သူတို့လွှမ်းမိုးမှုများ မျှမျှတတဖြစ်အောင် ဆက်လက်တိုက်တွန်းရန်အတွက် မကြာခင် အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်ကို သွားရောက်မည်ဖြစ်သည်။

ဘီချောပ့်သည် မြန်မာနိုင်ငံကို ထပ်မံလာရောက်မည်ဟု ဆိုသော်လည်း အချိန်ကာလကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ “ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အကန့်အသတ်မခံရပဲ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရဖို့၊ တာဝန်ခံမှုရှိလာစေဖို့ နဲ့ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့အတွက် ပြန်လည်ညှိနှိုင်းပေါင်းစည်းရေးကိုသွားဖို့ ဘယ်နည်းလမ်းကို မဆိုလိုအပ်မှာပါ” ဟု ဘီချောပ့်က ဆိုသည်။

“မြန်မာနိုင်ငံရဲ့ အကျပ်အတည်း၊ ပဋိပက္ခဟာ အမေ့လျော့ခံ ပဋိပက္ခမျိုးဖြစ်လာဖို့ အန္တရာယ်ရှိနေပါတယ်။ ဒီပဋိပက္ခရဲ့ ဒေသတွင်းနောက်ဆက်တွဲ ရှုပ်ထွးမှုတွေဟာ အရမ်းကို သိသာလာပါတယ်။ ဒါပေမယ့် ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုကိုတော့ ဆက်လက် လျစ်လျူရှုထားလို့ မရနိုင်ပါဘူး။”

ဘာသာပြန်-ကျော်ဇံ

ALJAZEERA သတင်းတွင် အောက်တိုဘာလ ၃၀ ရက်နေ့က ဖော်ပြခဲ့သည့် Continued conflict leaves Myanmar mired in crisis: UN သတင်းအား တိုက်ရိုက်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ