
AB News – ဇွန် ၃ ၊ ၂၀၂၅
နွယ်စိုး
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတဟောင်း ယွန်ဆော့ယော (Yoon Suk Yeol) မှ နိုင်ငံအား စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် ၆ လတိတိပြည့်သည့် ယနေ့ (ဇွန်လ ၃ ရက်)နေ့တွင် တောင်ကိုရီးယာသမ္မတ ရွေးချယ်မဲပေးပွဲကို ကျင်းပနေကြောင့် The Guardian သတင်းဌာနတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က နိုင်ငံသမ္မတဟောင်း ယွန်ဆော့ယောအနေဖြင့် နိုင်ငံကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ၆ နာရီအကြာတွင် ပြန်ရုပ်သိမ်းခံရပြီး သမ္မတသစ်ကို ရွေးချယ်မဲပေးမည့် ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
လောလောဆယ် သမ္မတဖြစ်လာရန် ရေပန်းစားနေသူများမှာ ဒီမိုကရက်တစ်ပါတီ (Democratic Party of Korea) ၏ အတိုက်အခံခေါင်းဆောင် အီဂျေမြောင် (Lee Jae-myung)နှင့် ပြည်သူ့စွမ်းအားပါတီ (People Power Party – PPP) ၏ သမ္မတလောင်း ကင်မွန်ဆူ (Kim Moon-soo) တို့ဖြစ်ကြသည်။
နိုင်ငံသမ္မတဟောင်း ယွန်ဆော့ယော၏ စစ်အုပ်ချုပ်ရေး ကြေညာမှုအပြီး ကိုရီးယားနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများပေါ်ပေါက်ခဲ့ကာ ၆ လအတွင်း ယာယီသမ္မတ ၃ ဦးပြောင်းလဲခဲ့ရပြီး လတ်တလော ယာယီသမ္မတမှာ ယခင်ပညာရေးဝန်ကြီး အီဂျူဟိုး (Lee Ju-ho) ဖြစ်သည်။
နိုင်ငံကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် သမ္မတဟောင်း ယွန်ဆော့ယော (Yoon Suk Yeol)မှာ ထိန်းသိမ်းခြင့းခံခဲ့ရပြီး ပြီးခဲ့သည့် မတ်လတွင် ပြန်လည်လွတ်မြောက်လာခဲ့ကာ ၄င်းအား နိုင်ငံကို ဆူပူအုံကြွအောင် လုပ်မှုဖြင့် ဖမ်းဆီးခံခဲ့ရ၍ ထိုအမှုကို တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံးက ကြားနာစစ်ဆေးနေကာ အမှုကို ဆက်ရင်ဆိုင်ရန်ရှိနေသည်။