
AB News- ဒီဇင်ဘာ ၁ ၊ ၂၀၂၅
ဖြိုးဝေ
ရွေးကောက်ပွဲနိုင်လျှင် စစ်ရှောင်နေသော စစ်တွေမြို့နယ်မှ ဒုက္ခသည်ပြည်သူများကို နေရပ်ပြန်ပို့ပေးပြီး စားဝတ်နေရေး အဆင်ပြေစေရန် ဆောင်ရွက်ပေးမည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဌ ဒေါက်တာအေးမောင် မှ မဲဆွယ်စည်းရုံးနေကြောင်း သိရသည််။
ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့မှစ၍ စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၅၀ နီပါးတွင် ခိုလှုံနေကြသော စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား နေရပ်ပြန်နိုင်ရေး ခေါင်းစဥ်ဖြင့် မဲဆွယ်စည်းရုံးနေကြောင်း သိရသည်။
”ဒေါက်တာအေးမောင် မနေ့က ကျနော်တို့ စခန်းကိုရောက်လာတယ်။ သူ့ပါတီကို မဲထည့်ကြဖို့ ပြောသွားတယ် ။ ရွေးကောက်ပွဲအနိုင်ရရင် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ပေးမယ်လို့ပြောသွားပါတယ်” ဟု ဒုက္ခသည်စခန်းမှ တာဝန်ခံတစ်ဦးထံမှ သိရသည်။
စစ်ကော်မရှင်သည် စစ်တွေမြို့အနီးအနားမှ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူများကို နှင်ထုတ်ထားပြီး ၎င်းတို့မှာ စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးများတွင် ခိုလှုံနေရခြင်း ဖြစ်သည်။
ဒုက္ခသည်များကို လက်ခံထားသော ဘုန်းကြီးကျောင်းများမှ ဆရာတော်ကြီးများကို ဒေါက်တာအေးမောင်ထံမှ ငွေကျပ် ၃ သောင်းနှင့် ဆန်တစ်အိတ်စီ ထောက်ပံ့နေကြောင်းဒေသခံ စစ်ဘေးရှောင် တစ်ဦးထံမှ သိရသည်။
လက်ရှိတွင် ဒေါက်တာ အေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP) ၊ ဦးဘရှိန် ဦးဆောင်သော ရခိုင် တိုင်းရင်းသားများပါတီ RNP ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ USDP တို့ သည် ပြီးခဲ့သည့် နှစ်ပတ်ကျော်မှစ၍ စစ်တွေမြို့ရှိ လမ်းမပေါ် ထွက်၍ မဲဆွယ်နေကြောင်း သိရသည်။