
AB News – မတ် ၁၂၊ ၂၀၂၅
စစ်တွေမြို့ မကျရှုံးစေရေးအတွက် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းနှင့် ရေကြောင်းမှ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။
ယမန်နေ့ နံနက် ၁၀ နာရီ ၅၄ မိနစ်ခန့်တွင် စစ်တွေအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၅ လုံးကို ရမ်းသမ်းပစ်ခတ်ခဲ့သည်။
ယင်းလက်နက်ကြီးများသည် ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင်ဘုရားခြေရင်း အရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။
ထိုလက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ၊ ကျွဲ၊ နွားတိရစ္ဆာန်များနှင့် ပြည်သူပိုင်နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
“ကျွန်မတို့ ထမင်းစားနေတဲ့အချိန်မှာ စစ်တွေကနေ လက်နက်ကြီးပစ်တာ။ ၅ ကြိမ်လောက် ကြားလိုက်ရပါတယ်။ ဦးရာဇ်တောင်ဘုရားအနီးမှာ ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။ ထိခိုက်ဆုံးရှုံးမှုတွေတော့ မရှိပါဘူး” ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီသည် ယမန်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ရွာကို လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူပိုင် နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှစတင်၍ စစ်တွေမြို့တွင် စစ်ကောင်စီသည် မူဆလင်ပြည်သူများကို အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သူများ ရှိမရှိ ရပ်ကွက်အလိုက် စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။
ထို့ပြင် မတ်လ ၆ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီသည် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူပိုင်နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ရသည်။