AB News – ဇူလိုင် ၁၄၊ ၂၀၂၅
ချန်ဒြာ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ခလရ (၁၀၄) တပ်ရင်း၊ နတ်အိမ်တောင်နှင့် အမြောက်ကုန်း လှုပ်ရှားတပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင် (ကြည်း ၅၆၈၂၅) သည် (KNLA) ထံသို့ ဇူလိုင်လ ၁၃ ရက်နေ့တွင် အလင်းဝင်ရောက်လာခဲ့ကြောင်း (KNU) က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အရ ဗိုလ်ကြီး ဇော်ဇော်အောင်သည် လက်ရှိ စစ်ကောင်စီ၏ လုပ်ဆောင်ချက်များနှင့် နည်းလမ်းများကို သဘောမကျ၍ အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း ခလရ (၂၈၂) တပ်ရင်း၊ စစ်ကြောင်း (၂) မှ စစ်ကြောင်းမှူးနှင့် ခံစစ်စခန်းတာဝန်ခံဖြစ်သူ သုခ သည်လည်း KNLA ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
“မိမိရဲ့ ဆန္ဒသဘောအရ မှန်တာပဲလုပ်မယ်၊ မှန်တဲ့ဘက်က ရပ်တည်မယ်” ဟုဆိုကာ KNLA ထံ အလင်းဝင်ရောက်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လ ၇ ရက်နေ့တွင် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက သုခ တာဝန်ယူခဲ့သည့် ခံစစ်စခန်းကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြောင်းလည်း သိရသည်။

