ABN-နွယ်စိုး
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အင်ဒေါင်းရွာကို မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၉ ဦး ထိခိုက်ခဲ့ကာ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုအာဏာသိမ်းစစ်ကောင်စီတပ်သည် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းရွာ၊ ဆပ်ပြေးရွာနှင့် အင်ဒေါင်းရွာ အနီးအနားတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အင်းဒေါင်းရွာမှ ဒေသခံ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအများစုမှာ အမျိုးသမီးများကြဖြစ်ပြီး လူနေအိမ် ဆောက်အအုံတစ်ချို့မှာလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ အတွင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းတစ်ခုသည် ထီးချိုင့်မြို့နယ် ညောင်ပင်သာယာရွာကို မီးရှို့ သွားခဲ့ကြောင်း သိရသည်။




