
AB News – မတ် ၉၊ ၂၀၂၆
ဂွမြို့နယ်၊ ကြွီချိုင်ရွာတွင် စစ်ကျန် RPG ဗုံးသီး ၁ လုံး ပေါက်ကွဲ၍ ၁၂ အရွယ်ကလေး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၈ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲအချိန်တွင် စစ်ကျန် RPG ဗုံးသီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ သေဆုံးခဲ့သူမှာ ဂွမြို့နယ်၊ ကြွီချိုင်ရွာမှ မောင်ဝေယံလင်း ၁၂ နှစ် သေဆုံးခဲ့ရသည်။
ထို့အပြင် ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သူများမှာ မောင်ကျော်ကိုကို ၁၂ နှစ်နှင့် မောင်ထွန်းလင်းနိုင် ၁၁ နှစ် တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါကလေးငယ် ၃ ဦးသည် ကြွီချိုင်ကျေးရွာအနီးရှိ ပင်လယ်ကမ်းခြေ၌ စစ်ကျန် RPG ဗုံးသီး ၁ လုံးကို တွေ့ရှိခဲ့ရာ ၎င်း RPG ဗုံးသီးနှင့် ကစားနေကြစဥ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
RPG ဗုံးသီး ပေါက်ကွဲမှုကြောင့် မောင်ဝေယံလင်းမှာ ယင်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ မောင်ကျော်ကိုကို နှင့် ထွန်းလင်းနိုင်တို့မှာလည်း ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိခဲ့သည့် မောင်ကျော်ကိုကို နှင့် မောင်ထွန်းလင်းနိုင်တို့မှာ အရေးပေါ်ဆေးကုသမှု ခံယူရကြောင်း ဒဏ်ရာရရှိခဲ့သည့် ၎င်းကလေးငယ် ၂ ဦး၏ အုပ်ထိန်းသူများက ဆိုကြသည်။