
AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆
အောင်စိုး
ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ၂ ရက်အတွင်း ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာအောက်ဘက်ရှိ ပင်လယ်ပြင်တွင် ရပ်နားထာသည့် စကမ နေဗီမှ လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ခတ်မှုကြောင့် ကျောက်ပြောက်ကျေးရွာမှ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ဝမျှောင်နှင့် င/အုပ် ကျေးရွာ ၂ ခုကို စကမ က ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲကာလ ကြာမြင့်လာသည်နှင့်အမျှ တိုက်ပွဲဧရိယာကျယ်ပြန့်လာမှုများကြောင့် ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများမှာ စကမ ၏ လက်နက်ကြီးနှင့် လေကြောင်း အန္တရာယ်ကို စိုးရိမ်ကြောက်ရွံ့နေရကြောင်း ဒေသခံများက ဆိုသည်။
“သူတို့(စကမ) အနေနဲ့ စစ်ရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကိုပဲ တိုက်ခိုက်စေချင်ပါတယ်။ ခုလို ပြည်သူတွေနေတဲ့ နေရာတွေကို တိုက်ခိုက်တာက မကောင်းဘူးလို့ မြင်ပါတယ်။ ကျနော်တို့ ပြည်သူတွေလည်း လက်နက်ကြီး ကြောက်ရ၊ လေယာဥ်ကို ကြောက်ရတာနဲ့ ဘယ်လိုမှ စိတ်လုံခြုံမှု မရှိတော့ပါဘူး။ ကျနော်တို့ပြည်သူတွေကို ငဲ့ညှာပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် စကမ ဘက်မှ လေကြောင်းနှင့် လက်နက်ကြီးများ ဆက်တိုက်ပြုလုပ်လာနိုင်သောကြောင့် ဒေသခံပြည်သူများအနေနှင့် ခရီးသွားလာရာတွင် ယခင်ထက် သတိထားသွားလာလှုပ်ရှားရန် လိုအပ်လာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ များက ပြောသည်။
“ကျောက်ဖြူဖက်မှာတော့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ပိုပြီးများလာနိုင်ပါတယ်။ ဘာလို့လဲဆိုရင် တိုက်ပွဲက တဖြည်းဖြည်း ပြင်းထန်လာတယ်။ တစ်ဆက်တည်းမှာပဲ နယ်မြေစိုးမိုးမှုတွေကလည်း တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင်ဖြစ်လာတော့ စကမ ဖက်ကလည်း သူတို့အားသာတဲ့ လေကြောင်းပစ်ကူတွေ၊ နေဗီတွေက လက်နက်ကြီး ပစ်ကူတွေ ဆက်တိုက်လုပ်လာနိုင်တယ်။ ဒီလိုကာလမျိုးမှာ ပြည်သူတွေအနေနဲ့ အထူးသတိထားပြီး သွားလာရမယ်လို့ မြင်တယ်” ရက္ခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
တစ်ဖက်တွင်လည်း မတရားအာဏာစသိမ်းချိန်မှစ၍ ပြည်သူများအပေါ် စကမ၏ လုပ်ရပ်များကို နိုင်ငံတကာက ဖိအားပေးအရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း ထပ်လောင်းပြောသည်။
“အာဏာစသိမ်းကတည်းက စကမ ဟာ ပြည်သူတွေကို ရက်ရက်စက်စက်လုပ်လာတာကတော့ အားလုံးသိကြမှာပါ။ ခုဆိုရင်လည်း တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတော်တော်များများမှာ နိုင်ငံတကာစစ်ဥပဒေတွေကို ချိုးဖောက်တာတွေ ရှိနေပါတယ်။ သူတို့ကို ပြောလို့ရှိရင်လည်း ဘာမှထူးလာနိုင်ခြေ မရှိပါဘူး။ ဒီလိုမျိုးလုပ်ရပ်တွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းကနေပြီးတော့ ဖိအားပေးအရေးယူတာမျိုး လုပ်သင့်ပါတယ်” ဟု ဆိုသည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရသူ ၃ သောင်းခွဲ ဝန်းကျင်ရှိကြောင်း ထိုမြို့နယ်ရှိ ပရဟိတလုပ်ကိုင်နေသည့် အဖွဲ့အစည်းများမှ သိရသည်။