
AB News – ဒီဇင်ဘာ ၇၊ ၂၀၂၄
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းတောင်တန်းသို့ ထင်ခုတ်သွားစဥ် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ပန်းဖဲချောင်းရွာမှ အဖ ဦးသန်းအေးမောင်၏သား အသက် ၂၄ နှစ်အရွယ် အောင်စိုးပိုင်ဖြစ်သည်။
၎င်းသည် အဖော်ရွာသား တစ်ဦးနှင့်အတူ ယမန်နေ့ ဒီဇင်ဘာလ ၆ ရက် ၊ နံနက် ၁၁ နာရီ ၄ မိနစ်တွင် ၅၃၉ တပ်ရင်း အခြေချခဲ့သည့် အနောက်ဘက်တောင်တန်းသို့ ထင်းခုတ်သွားစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းကို နင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိကာ ဆေးကုသရန် သွားစဥ်လမ်းခုလတ်တွင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
” ထင်းခုတ်ဖို့သွားကြတာပါ။ စပါးလည်းရိတ်သိမ်းမယ်လို့ပြောသွားတယ်။ မိုင်းပေါက်ကွဲသံကြားတယ်။ ရွာကလူတွေလည်း လိုက်ရှာကြတဲ့ခါ ခြေပြတ်ပြီး လှဲနေတာကိုတွေ့ပါတယ်။” ဟုဆိုသည်။
မိုင်းနင်းမိ၍ သေဆုံးသွားသူ အောင်စိုးပိုင်၏ ညာဖက်ခြေဒူးအောက် နှင့် ညာဖက်လက်ပြတ်ထွက်၍ သွေးထွက်လွန်ပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်သည်နှင့် တစ်ပြိုင်နက် မောင်တောဖက်မှ ပျံသန်းလာသည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးသည် လူစုလူဝေးများသည့် ကားလမ်းမကို Rocket ဗုံးများဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
၎င်းဗုံးများသည် ကားလမ်းမဘေး၌ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နံနက် ၁၂ နာရီ ခန့်အချိန်တွင် ကျောက်တော်မြို့နယ်မှ အသက် ၄၂နှစ်အရွယ် အမျိုးသားတစ်ဦး ၃၇၄ တပ်ရင်း တပ်စွဲခဲ့သည့် နေရာဖက်သို့ ထင်းခုတ်သွားစဥ် မိုင်းနင်းမိ၍ ခြေချင်းဝတ်ပြတ်သွားခဲ့သည်။
လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီတပ်စွဲခဲ့သည့် တောင်၊ စခန်းများတွင် မြေမြှုပ်မိုင်းများဆက်လက်ရှိနေဆဲဖြစ်ပြီး ၎င်းမိုင်းများအားရှင်းလင်းပေးရန် ဒေသခံများက တောင်းဆိုထားသည်။