
AB News – သြဂုတ် ၁၁၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များသည် အိမ်သာနှင့် သန့်ရှင်းသောရေ လုံလောက်မှု မရှိခြင်းကြောင့် ကျန်းမာရေးပြဿနာများဖြင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောသည်။
အိမ်ထောင်စု ၃၃၁ စု၊ လူဦးရေ ၁,၃၀၀ ကျော် ခိုလှုံ နေထိုင်လျက်ရှိသည့် ရထားဘူတာ စစ်ဘေးရှောင်စခန်း၌ အိမ်သာ ၄၅ လုံးသာ ရှိပြီး အဆိုပါအိမ်သာများအနက် ၂၅ လုံးသာ အသုံးပြုနိုင်ကြောင်း AB News က ကွင်းဆင်းတွေ့ရှိရသည်။
ကျန်ရှိသည့် အိမ်သာများ၏ မိလ္လာကျင်းများတွင် မစင်အညစ်အကြေးများ ပြည့်နေပြီး သုံးမရတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။
စခန်းရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “အိမ်သာတွေက လုံးဝမလုံလောက်ဘူး။ လူဦးရေကလည်းများတော့ တော်တော်လေးကို ဒုက္ခရောက်နေရတယ်။ အိမ်သာတစ်ခါတက်ဖို့ဆို မိနစ် ၃၀ လောက် တန်းစီစောင့်ရတယ်။ တကယ်ကို ခက်ခဲပါတယ်” ဟု ဆိုသည်။
အိမ်သာမလုံလောက်မှုကြောင့် စစ်ဘေးရှောင်အများစုသည် နီးစပ်ရာ ချုံပုတ်များတွင် အပေါ့အလေး စွန့်ပစ်နေရသည့်အတွက် ရောဂါများ ပိုမိုပျံ့နှံ့လာနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
“အိမ်သာမလောက်တော့ ချုံပုတ်တွေထဲပဲ သွားနေရတယ်။ ဒါက ရောဂါတွေ ဖြစ်စေနိုင်တယ်။ ကျန်းမာရေးပြဿနာဖြစ်ရင်လည်း ဆေးကုဖို့ ပိုက်ဆံမရှိဘူး” ဟု စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
ထို့အပြင် စခန်းတွင်း၌ သုံးစွဲနေရသည့် ရေများမှာလည်း သန့်ရှင်းမှုမရှိခြင်းကြောင့် ကလေးငယ်များတွင် အရေပြားရောဂါများဖြစ်ပွားနေသည်ကို တွေ့ရှိရသည်။