
AB News-မတ် ၅၊ ၂၀၂၅
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA နှင့် PDF များ ပူးပေါင်းပြီး တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်အတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အထူးကွန်မန်ဒိုတပ်ရင်း (P2-9914) က ထုတ်ပြန်သည်။
ကျောက်ကြီးမြို့နယ် တောင်စုကျေးရွာနှင့် တမာခေါကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်း ၃ ခုကို မတ်လ ၁ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်အချိန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းတိုက်ခိုက်မှုကို KNLA တပ်ရင်း (၈)၊ (၉) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတပ်ရင်း (P2-9914) များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့သည်။