
ချန်ဒြာ
ကရင်ပြည်နယ် ၊ ဒူးပလာယာခရိုင် ၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်များ ခြေကုတ်ယူထားသော ဘလယ်ဒိုတပ်စခန်းကို KNLA ၊ KNDO နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့သည်။
မေလ ၂၃ ရက်နေ့ ၊ ညနေ ၅ နာရီအချိန်ခန့်တွင် ကော့ကရိတ်မြို့နယ် ဘလယ်ဒိုကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်များ ခြေကုပ်ယူထားသော ဘလယ်ဒိုစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ဘလယ်ဒိုစခန်းကို တပ်မဟာ ၆ ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြချက်အရသိရှိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲ့ယမ်းများကိုလည်း KNU က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်သားအများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရသည်။
မေလ ၁၉ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီ၏ မော်ဖိုးကေစခန်းကို KNLA ၊ KNDOနှင့် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၈ နာရီအချိန်ဝန်းကျင် လောက်တွင် စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အလားတူ မေလ ၁၆ ရက်နေ့ ၊ နံနက် ၅ နာရီအချိန်ခန့်တွင်လည်း စစ်ကောင်စီ၏ ခလရ – ၂၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီ၏ မော်ကွီးလုတပ်စခန်းကို တပ်မဟာ ၂ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထပ်ပြီး မေလ ၁၃ ရက်နေ့ကလည်း တပ်မဟာ ၇ နယ်မြေရှိ ခလရ – ၂၄ နှင် အမတ-၃၁၁ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီ၏ တညာကျိုး (ခေါ်) တာလယ်ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KNU က ဆိုသည်။
ထို့အပြင် မေလ ၉ ရက်နေ့ တပ်မဟာ ၄ နယ်မြေရှိ ထီးခီးနယ်စပ် စစ်ကောင်စီစခန်းနှင့် တပ်မဟာ ၇ နယ်မြေရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီးခွီးစခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့သည်။
မေလ ၈ရက်နေ့ကလည်း (PDF)နှင့် KNLA ပူးပေါင်းတပ်များက တပ်မဟာ(၃)နယ်မြေ ရွှေကျင်အခြေစိုက် ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ပြီခဲ့သည့် ဧပြီလကုန်ပိုင်းကလည်း ခလရ(၆၀) ၊ ခလရ(၇၃)တပ်ရင်း ပူးပေါင်းတပ်များ တပ်စွဲထားသည့် KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်အတွင်းရှိ နောင်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း၊ တောင်စုကျေးရွာတို့ကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ဧပြီလကုန်ပိုင်းနှင့် မေလအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၁၀ ခုကို KNU က ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲများကြောင့် ရာနှင့်ချီသော ပြည်သူများ ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်ရန် ထွက်ပြေးသွားကြောင်း သိရှိရသည်။