AB News – သြဂုတ် ၃၊ ၂၀၂၅
ဒေဝီ
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခင် NLD အစိုးရ လက်ထက်က ဝယ်ယူခဲ့သည့် နေပြည်တော်-ရန်ကုန် အမှတ်(၈) အစုန် DEMU လူစီးရထားပေါ်တွင် ခရီးသည်ပြည်သူများနှင့်အတူ လိုက်ပါစီးနင်းခဲ့ကြောင်း စစ်တပ် သတင်းချန်နယ်များတွင် ဖော်ပြထားသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ လက်ထက်တွင် တိုးတက်နေသည့်ပုံဖြင့် ယခင် NLD အစိုးရလက်ထက်က ဝယ်ယူခဲ့သည့် ရထားပေါ်တွင် ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ လိုက်ပါစီးနင်းခဲ့ပြီး ခရီးသည်များကို လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးသည် နေပြည်တော်မှ ထွက်လာသည့် Diesel Electric Multiple Unit (DEMU) လူစီး အမြန်ရထားဖြင့် တောင်ငူမြို့မှ ရန်ကုန်ဘူတာကြီးအထိ လိုက်ပါစီးနင်းခဲ့သည်ဟု သိရသည်။
NLD အစိုးရအနေဖြင့် ၂၀၂၀ ခုနှစ်က ရန်ကုန်မြို့တွင်း မြို့ပတ်ရထားပြေးစွဲရန်ဝယ်ယူခဲ့သည့် DEMU ရထားတွဲကို အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်-ပဲခူး ကို ပြောင်း၍ ပြေးဆွဲခဲ့သဖြင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်ခဲ့ရကြောင်းလည်း သိရသည်။
NLD အစိုးရ လက်ထက်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် ၁ (ရန်ကုန်-တောင်ငူ ၂၆၅ ကီလိုမီတာ) အတွက် ချေးငွေ ဂျပန်ယန်း ၁၂၄.၆၆၃ ဘီလျံသုံးစွဲခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၈ နှစ်တာ စီမံကိန်းအဖြစ် ဆောင်ရွက်ရန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဒီဇယ်လျှပ်စစ် ၂ မျိုးသုံး (DEMU) ရထားများကို ဝယ်ယူမည့် စီမံကိန်း ၂ခု အတွက် NLD အစိုးရအနေဖြင့် ဂျပန်ကုမ္ပဏီများဖြင့် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။


