သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KNU ထိန်းချုပ်နယ်မြေအတွင်း အပစ်ရပ်ကာလ၌ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု  ၁၁၀ ကြိမ်ကျော်ရှိ

AB News – ဧပြီ ၂၇၊ ၂၀၂၅

KNU ထိန်းချုပ်နယ်မြေအတွင်း ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှု အနည်းဆုံး ၁၁၀ ကြိမ်ကျော်ထိ ပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး က ဧပြီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

KNU ၏ အဆိုအရ အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေကို လေကြောင်းတိုက်ခိုက်မှု ၆၃ ကြိမ် ပြုလုပ်ခဲ့ရာတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းများ ပါဝင်ခဲ့သည်။

 ယင်းလေကြောင်းတိုက်ခိုက်မှုများကြောင့် သံဃာတော် ၁ ပါးနှင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ဦးပဇ္ဇင်း ၂ ပါး၊ ကိုရင်ကြီး ၁ ပါးနှင့် အရပ်သား ၃၄ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ထို့ပြင် ဘုန်းကြီးကျောင်း ၅ ကျောင်းနှင့် နေအိမ် ၇ လုံး ပျက်စီးခဲ့သည်ဟု KNU က ဆိုသည်။

 အကြမ်းဖက်စစ်ကောင်စီသည် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၄၅ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၅ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းလက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပိုင် နေအိမ် ၁၆ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

KNU ၏ ပြောကြားချက်အရ အကြမ်းဖက်စစ်ကောင်စီသည် အပြစ်မဲ့အရပ်သား ၂ ဦးကို တရားမဲ့ ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီက ထောင်ထားခဲ့သော မြေမြှုပ်မိုင်းကို နင်းမိ၍ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

 အကြမ်းဖက်စစ်ကောင်စီသည် ငလျင်ဒဏ်ကြောင့် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ယင်းသည် နိုင်ငံတကာအဖွဲ့အစည်းများထံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရန်အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး လက်တွေ့တွင် တော်လှန်ရေးအဖွဲ့အစည်းများ ထိန်းချုပ်ထားသော ဒေသများရှိ ပြည်သူလူထုကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်​ကြောင်း KNU ကဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။

ဧပြီ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကာလကို တိုးမြှင့်ထားသော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း KNU က ထပ်လောင်းပြောဆိုခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်