သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
BGF ထိန်းချုပ်ရာနယ်မြေမှ KK Park ကို စစ်ကော်မရှင် ဝင်ရောက်စီးနင်း

AB News – အောက်တိုဘာ ၂၀၊ ၂၀၂၅
ငုဝါ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင်ရှိသော စစ်ကော်မရှင်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် KNA/BGF ထိန်းချုပ်ရာနယ်မြေရှိ ကျားဖြန့်လုပ်ငန်းများအခြေစိုက်ရာ KK Park အတွင်းကို စစ်ကော်မရှင်တပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်နေ့တွင် စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

စစ်ကော်မရှင်က တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မြဝတီမြို့အနီးရှိ လေးကေ့ကော်ဒေသမှ ရှုခင်းသာနှင့် စွယ်တော်ကုန်းစခန်းတို့အား သိမ်းပိုက်ရရှိချိန်တွင် KK Park ကိုလည်း တစ်ချိန်တည်း စီးနင်းခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ KK Park အတွင်းလုပ်ကိုင်နေကြသော လူပေါင်း ၂၂၀၀ ခန့် ကိုဖမ်းစီးရမိပြီး အွန်လိုင်း ငွေလိမ်လည်မှုပြုလုပ်ရန် ရည်ရွယ်တပ်ဆင်ထားသည့် စတားလင့် (StarLink) စက် အလုံး ၃၀ နှင့်အတူ အခြားသောဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်း ဆိုသည်။

ထို့အပြင် ဆောက်လုပ်ပြီးအဆောက်အဦး တစ်ထပ်တိုက် ၁၀ လုံး၊ နှစ်ထပ်တိုက် ၁၀၀ လုံး၊ လေးထပ်တိုက်အလုံး ၂၀၊ ငါးထပ်တိုက် ၂ လုံး၊ တစ်ထပ်တိုက်စျေးဆိုင်ခန်း ၂၀ လုံး၊ နှစ်ထပ်တိုက်စျေးဆိုင်ခန်း ၃၀၊ တစ်ထပ်တိုက်ဂိုတောင် ၁၅ ဆောင်၊ နှစ် ထပ်တိုက်ဂိုတောင် ၂၀ ဆောင်၊ လေးထပ်တိုက်ဂိုတောင် ၁၀ ဆောင်၊ ဆောက်လုပ်ဆဲ နှစ်ထပ်တိုက် ၂၁ လုံး ၊ သုံးထပ်တိုက် ၁၀ လုံး ၊ လေးထပ်တိုက် ၅ လုံး ၊ ငါးထပ်တိုက် ၅ လုံးနှင့် တစ်ထပ်တိုက်ဆေးပေးခန်း ၂ ခန်းတို့တွေ့ရကြောင်းသိရသည်။

ထို့အပြင် မြေပိုင်ဆိုင်မှု၊ အဆောက်အဦးများကို ဟိုတယ်နှင့်ခရီးသွားလာရေးဌာန၏ ခွင့်ပြုမှုဖြင့် ဆောင်ရွက်ထားခြင်းရှိမရှိ စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်းများမတွေ့ရသဖြင့် ဥပဒေနှင်အညီ ဆောင်ရွက်သွားမည်ဖြစ်ဟု စစ်ကော်မရှင်က ပြောကြားသည်။

ယင်းကြောင့် KK Park ၏ သက်ဆိုင်ရာတာဝန်ခံများကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသည့်အတွက် လိုအပ်သည့်အရေးယူဆောင်ရွက်ချက်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေငြာထားသည်။

၎င်းနှင့်သက်ဆိုင်သည့် တာဝန်ခံများနှင့်ပတ်သတ်၍ အသေးစိတ်အချက်လက်များကို ထုတ်ပြန်ပြောကြားထားခြင်းမရှိကြောင်းတွေ့ရသည်။

မြန်မာ့လူ့အခွင့်ရေးလုပ်ရှားသူအဖွဲ့ Justice For Myanmar ၏ထုတ်ပြန်ချက်အရ စစ်ကော်မရှင်လက်အောက်ခံ BGF တပ်ဖွဲ့ဝင်အချို့သည် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသော ကုမ္မဏီ ၈ ခုထက်မနည်းတွင် ရှယ်ယာပါဝင်ထားကြောင်းသိရသည်။

ထို့အတူ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP) က ကရင်ပြည်နယ် မြဝတီမြို့ နှင့် ရွှေကုက္ကိုရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများအကြောင်းထုတ်ပြန်သည့်အစီရင်ခံစာတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မိုလ်သိုလ်နှင့် မိုလ်မှုတင်ဝင်းတို့မှာ အဓိကပါဝင်သူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ