သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ARSA အဖွဲ့ ဖမ်းဆီးခဲ့သည့် မောင်တောမြို့ခံအမျိုးသား ၂ဦး ၁၉ရက်ကြာ ပျောက်ဆုံးနေ

မောင်တောမြို့မှ မြို့ခံအမျိုးသား ၂ဦးကို ဧပြီလ ၂၇ရက်နေ့တွင် ARSA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ၁၉ရက်ကြာ ယနေ့အချိန်ထိ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ မောင်တောမြို့၊ ရပ်ကွက် ၄မှ ဝင်းထွန်း(ရက္ခိုင်)နှင့် တော်ပေါန်(ဟိန္ဒူလူမျိုး) တို့ဖြစ်ကြသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် မောင်တော​မြောက်ပိုင်းရှိ ရွှေဇားရွာနှင့် ကျောက်လှေကားကြားတွင် ဆိုင်ကယ်တစ်စီးဖြင့် သွားနေသည့် အမျိုးသား ၂ဦးကို ARSA အဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မျက်မြင်သက်သေ မောင်တောဒေသခံ တစ်ဦးက AB News သို့ ပြောဆိုသည်။

“ဧပြီလ စတုတ္ထအပတ်ထဲမှာ ရွှေဇားနဲ့ ကျောက်လှေကားကြား ဆိုင်ကယ်နဲ့ သွားနေတဲ့ အမျိုးသား ၂ဦးကို ARSA အဖွဲ့က ဖမ်းသွားတယ်။ မောင်တောမြို့ခံ ၂ဦးဟာ မင်္ဂလာကြီးရွာဘက်ကို သွားချိန်မှာ အဖမ်းခံခဲ့ရတာပါ” ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ မောင်တောမြို့ ရပ်ကွက် ၄ ၌ ဆိုင်ကယ်အပိုပစ္စည်းများအား ရောင်းချနေသူများဖြစ်ကြောင်း သိရသည်။

ARSA အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဦးဝင်းထွန်းနှင့် အဆက်အသွယ်မရသည်မှာ ၁၉ ရက်ကြာမြင့်နေပြီဖြစ်သည့်အတွက် လွန်စွာ စိုးရိမ်နေကြောင်း ဦးဝင်းထွန်းနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

“ကျနော့် ဦးလေး ပျောက်သွားတာ ဒီနေ့ဆို ၁၉ ရက်ရှိပါပြီ။ သိရသလောက်တော့ ARSA အဖွဲ့က ဖမ်းသွားတာပါ။ အဆက်အသွယ်လည်း မရပါဘူး။ ကျနော်တို့ မိသားစုဝင်တွေ အတော့်ကို စိုးရိမ်နေကြပါတယ်။ သူရဲ့ ဇနီးဖြစ်သူဆို ညအိပ်လို့တောင် မရပါဘူး” ဟု ဆိုသည်။

ဦးဝင်းထွန်းမှာ ARSA ဖမ်းဆီးထားစဉ် ညှင်းပန်းနှိပ်စက်မှုများကြောင့် လက်လွန်ကာ သေဆုံးသွားပြီဟု မောင်တောမြို့အတွင်းရှိ ဘင်္ဂလီ မူဆလင်အချို့ထံမှ ကြားသိရကြောင်း သူက ဆက်ဆိုသည်။

ဧပြီလ ၂၅ ရက်နေ့တွင် မောင်တောမြို့နယ် တရိန်း ( မြို) ရွာမှ ဆယ်ကျော်သက်အရွယ် နွားကျောင်းသား အသက် ၁၃ နှစ်အရွယ် ၁ ဦး သတ်ဖြတ် အလောင်းဖျောက်ခံလိုက်ရသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသော အဖွဲ့အစည်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ မြို့ရွာများကို မီးရှို့ဖျက်ဆီးမှုများအပြင် အရပ်သားပြည်သူများကို သတ်ဖြတ်မှုများကို နေ့စဉ်ရဆက် ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ