သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လွန်ခဲ့သည့် နှစ် ၂၀ က အမေရိကန်နှင့် မဟာမိတ်တပ်များ အီရတ်ကို သိမ်းပိုက်ခဲ့သည့် အကြောင်းအရင်း

လွန်ခဲ့သည့် နှစ် ၂၀ က အမေရိကန်နှင့် မဟာမိတ်တပ်များ အီရတ်ကို သိမ်းပိုက်ခဲ့သည့် အကြောင်းအရင်း

၂၀၀၃ ခုနှစ် ၊ မတ်လ ၂၀ ရက်နေ့တွင် အမေရိကန် နှင့် မဟာမိတ်တပ်များက အီရတ် ကို ဝင်သိမ်းပြီး  ဆာဒမ်ဟူစိန် အစိုးရကို ဖြုတ်ချခဲ့သည်။​ အမေရိကန်က အီရတ်တွင် WMD ဟုခေါ်သော အကြီးအကျယ်ဖျက်ဆီးနိုင်သည့် လက်နက်များ ရှိနေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ဖြစ်သည် ဆိုခဲ့သည်။ သို့ရာတွင် အီရတ်နိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှုကို ထောက်ပံ့ရန် နိုင်ငံအများစုက ငြင်းဆိုခဲ့ကြသည်။

အမေရိကန် ဘာကြောင့် အီရတ်ကို သိမ်းပိုက်ချင်ရတာလဲ

၁၉၉၀-၉၁ ပင်လယ်ကွေ့စစ်ပွဲအတွင်း ကူဝိတ်မှ အီရတ်တပ်များကို မောင်းထုတ်ခဲ့သည့် နိုင်ငံအများအပြားပါသော တပ်ပေါင်းစုကို အမေရိကန်က ဦးဆောင်ခဲ့သည်။ ထို့နောက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှ အီရတ်နိုင်ငံအနေဖြင့် သူတို့တွင်ရှိသည့် WMDs – လက်နက်ကြီးများအားလုံးကို ဖျက်ဆီးရန်အမိန့်ပေးထားသည့် Resolution 678 ကို ထုတ်ပြန်ခဲ့သည်။ WMD (Weapons of mass destruction) ဆိုသည့် ဝေါဟာရမှာ နယူးကလီးယား၊ ဇီဝလက်နက်၊ ဓာတုလက်နက် နှင့် တာဝေးပစ် ဒုံးပျံတို့ကို ဖော်ပြသည့် စကားလုံးဖြစ်သည်။

၁၉၉၈ တွင် အီရတ်နိုင်ငံသည် ကုလသမဂ္ဂ လက်နက်စစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ပြီး အမေရိကန် နှင့် ယူကေ တို့မှ လေကြောင်းဗုံးကြဲမှုများနှင့် တုံ့ပြန်ခဲ့ကြသည်။​ ဝါရှင်တန်ရှိ ပန်တဂွင် စစ်ဌာနချုပ်နှင့် နယူးယော့ခ်ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ကို အယ်လကိုင်ဒါ က ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် တိုက်ခိုက်ပြီးနောက် သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် အစိုးရက အီရတ်ကို သိမ်းပိုက်ရန် အစီအစဥ် ကို စတင်ရေးဆွဲခဲ့ကြသည်။

သမ္မတ ဘုရှ် က ဆာဒမ်ဟူစိန်သည် လက်နက်ကြီးများ ကို ဆက်လက်စုဆောင်းကာ ထုတ်လုပ်လျက်ရှိပြီး အီရတ်နိုင်ငံသည် အီရန်၊ မြောက်ကိုရီးယားတို့နှင့် အတူ နိုင်ငံတကာ မကောင်းဆိုးဝါး ဝင်ရိုးတန်း၏ အစိတ်အပိုင်း တစ်ခုပင် ဖြစ်သည် ဟု အခိုင်အမာပြောထားသည်။

၂၀၀၂ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်လွှတ်တော်က အီရတ် ကို သိမ်းပိုက်ရန်အတွက် လိုအပ်သည့် စစ်အင်အားကို အသုံးပြုရန် အတည်ပြုခဲ့သည်။

“ဝါရှင်တန်မှာ ရှိတဲ့ လူတွေအများကြီးက အီရတ်မှာ အကြီးအကျယ်ဖျက်ဆီးနိုင်တဲ့ WMDs တွေရှိတယ်ဆိုတဲ့ ထင်ရှားတဲ့ သက်သေတွေရှိနေတယ် လို့ ယုံကြည်ခဲ့ကြတယ်၊ ဒါဟာ တကယ့်အန္တရာယ်တစ်ခုကို ဖြစ်စေခဲ့တာပဲ” ဟု လန်ဒန်ရှိ နိုင်ငံခြားရေးရာ အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် the US and Americas Programme at Chatham House ၏ ဒါရိုက်တာ Dr Leslie Vinjamuri က ပြောဆိုခဲ့သည်။

၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Colin Powell က အီရတ်သည် WMD ပရိုဂရမ် နှင့်အတူ ယခင်ချမှတ်ထားသည့် သတ်မှတ်ချက်များကို ချိုးဖောက်နေသည် ဟု ဆိုကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား အီရတ်ကို စစ်ရေးအရ အရေးယူရန် တောင်းဆိုခဲ့သည်။

သို့ရာတွင် လုံခြုံရေးကောင်စီကို သူက ထိုကဲသို့ဖြစ်လာရန် ဆွဲဆောင်မှု မလုပ်ခဲ့ပေ။ လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်အများစုမှာ ၂၀၀၂ ခုနှစ်တွင် အီရတ်ကို ရောက်ဖူးကြသော ကုလသမဂ္ဂ နှင့် နိုင်ငံတကာ စွမ်းအင် အာဏာပိုင်များမှ လက်နက်စစ်ဆေးသူများကို သာ WMD သက်သေကို ရှာဖွေရန် လုပ်ငန်းများကို ပို၍ လုပ်စေလိုသည်။

အမေရိကန်က သူတို့အနေဖြင့် လက်နက်စစ်ဆေးသူများ၏ အစီရင်ခံစာကို စောင့်နေမည် မဟုတ်ဘဲ အီရတ် ကို စစ်ရေးအရ အရေးယူလိုသည့် မဟာမိတ်တပ်ပေါင်းစုကို အစည်းအဝေး ခေါ်ယူခဲ့သည်။

အီရတ်စစ်ပွဲ ကို မည်သူတွေ ထောက်ခံခဲ့ကြလဲ

မဟာမိတ်တပ်ပေါင်းစုတွင် ရှိသည့် အဖွဲ့ဝင် နိုင်ငံ ၃၀ ကျော်ထဲက ယူကေ၊ သြစတြေးလျ နှင့် ပိုလန်တို့မှာ အီရတ်ကို ကျူးကျော်ရာတွင် ပါဝင်ခဲ့သည်။ ယူကေနိုင်ငံက တပ်ဖွဲ့ဝင် ၄၅,၀၀၀ ၊ သြစတြေးလျ က တပ်ဖွဲ့ဝင် ၂,၀၀၀ နှင့် ပိုလန်က အထူးတပ်ဖွဲ့ဝင် ၁၉၄ ဦးတို့ကို စေလွှတ်ခဲ့သည်။

ကူဝိတ်နိုင်ငံက ထိုကျူးကျော်မှုကို သူတို့ပိုင်နက်မှ စတင်လုပ်ဆောင်ရန် သဘောတူခဲ့သည်။ အီရတ်တွင် WMD ပရိုဂရမ်များပိုင်ဆိုင်ပြီး ကုလသမဂ္ဂ ပြဌာန်းချက်များကို ချိုးဖောက်နေသည်ဟု ယုံကြည်သည့် Vilnius Group ရှိ အရှေ့ဥရောပ လေးငါးနိုင်ငံနှင့်အတူ စပိန် နှင့် အီတလီတို့ကလည်း အမေရိကန် ဦးဆောင်သည့် မဟာမိတ်တပ်ပေါင်းစု ကို သံတမန်ရေးရာ အကူအညီများ ပေးအပ်ခဲ့သည်။

အမေရိကန် နဲ့ ယူကေ တို့က အီရတ်အပေါ် ဘယ်လိုစွပ်စွဲချက်တွေကို လုပ်ဆောင်ခဲ့ကြတာလဲ

၂၀၀၃ ခုနှစ် ကုလသမဂ္ဂမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကောလင်း ပါဝဲလ် က အီရတ်တွင် ဇီဝလက်နက်များ ထုတ်လုပ်ရန် “ရွေ့လျား ဓာတ်ခွဲခန်းများ” ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ထိုစွပ်စွဲချက်အတွက် သက်သေ မှာ သိပ်မခိုင်မာကြောင်းကို ၂၀၀၄ ခုနှစ်တွင် အသိပေးခဲ့သည်။

ယူကအစိုးရက အီရတ် ဒုံးကျည်များသည် မြေထဲပင်လယ် အရှေ့ဖက်ရှိ ယူကေနိုင်ငံ ပစ်မှတ်များကို ပစ်ခတ်ရန် ၄၅ မိနစ်အတွင်း အဆင်သင့်ဖြစ်နိုင်သည် ဟု ဆိုကာ လူသိရှင်ကြား ထောက်လှမ်းရေး အမှုတစ်ခုကို စွပ်စွဲပြုလုပ်ခဲ့သည်။

ထိုအချိန်က ယူကေ ဝန်ကြီးချုပ်ဖြစ်သော တိုနီဘလဲ က ဆာဒမ်ဟူစိန်သည် WMD လက်နက်ကြီးများကို ဆက်လက်ထုတ်လုပ်နေသည်မှာ လုံးဝသေချာကြောင်း ဆိုခဲ့သည်။

အမေရိကန် နှင့် ယူကေ နှစ်နိုင်ငံစလုံးသည် အီရတ်လူမျိုးပြည်ပြေး နှစ်ဦး၏ ပြောကြားချက်အပေါ် အလွန်အားထားခဲ့သည်။ ၄င်းတို့ထဲမှ တစ်ဦးမှာ ဓာတုဗေဒဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် Rafid Ahmed Alwan al-Janabi နှင့် နောက်ထပ်တစ်ဦးမှာ ထောက်လှမ်းရေး အရာရှိတစ်ဦးဖြစ်သည့် Maj Muhammad Harith တို့ ဖြစ်ကြပြီး သူတို့ နှစ်ဦးစလုံးမှာ အီရတ်၏ WMD ပရိုဂရမ်နှင့်ပတ်သတ်ပြီး ကိုယ်တိုင်မြင်တွေ့သိရှိကြသူများဖြစ်သည် ဟု ဆိုသည်။

သူတို့နှစ်ဦးစလုံးသည် မဟာမိတ်များကို အီရတ်ကိုသိမ်းပိုက်စေလိုပြီး ဆာဒမ်ဟူစိန်ကို ဖြုတ်ချစေလိုသည့်အတွက် သူတို့၏ သက်သေအထောက်အထားကို လုပ်ကြံဖန်တီး ခဲ့ခြင်းသာဖြစ်သည် ဟု နောက်ပိုင်းတွင်ပြောဆိုခဲ့သည်။

စစ်ပွဲကို ထောက်ခံဖို့ ဘယ်နိုင်ငံတွေ ငြင်းဆန်ခဲ့တာလဲ

အမေရိကန်၏ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်သော ကနေဒါ နှင့် မက္ကဆီကို တို့က ထိုစစ်ပွဲကို ထောက်ခံရန် ငြန်းဆိုခဲ့ကြသည်။ ဥရောပတွင် အမေရိကန်၏ အဓိက မဟာမိတ် နှစ်နိုင်ငံဖြစ်သော ဂျာမဏီ နှင့် ပြင်သစ်တို့ကလည်း ထိုစစ်ပွဲကို ကန့်ကွက်ခဲ့ကြသည်။

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Dominique de Villepin က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းသည် အဆိုးဆုံးသော ပြဿနာ ဖြေရှင်းနည်းပင် ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့သည်။ အီရတ်၏ အိမ်နီးချင်းလည်းဖြစ် နေတိုးအဖွဲ့ဝင်တနိုင်ငံလည်း ဖြစ်သော တူရကီ က အမေရိကန် နှင့် မဟာမိတ်တပ်များ သူတို့၏ လေတပ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးရန် ငြင်းဆန်ခဲ့သည်။

၁၉၉၀-၉၁ ပင်လယ်ကွေ့စစ်ပွဲအတွင်း အီရတ်ကို ဆန့်ကျင်ကာ အမေရိကန်ကို ထောက်ခံခဲ့သည့် ဆော်ဒီအာရေးဗီးယားကဲ့သို့ အရှေ့အလယ်ပိုင်းနိုင်ငံများကလည်း ၂၀၀၃ ခုနှစ် အီရတ်ကိုဝင်ရောက်သိမ်းပိုက်ခြင်းကို မထောက်ခံခဲ့ပေ။

“ထိုအစီအစဥ်မှာ ရူးမိုက်မှုသာြဖစ်သည် ဟု ပင်လယ်ကွေ့ အာရပ်နိုင်ငံများက ထင်မြင်ခဲ့ကြသည်” ဟု University of London SOAS ရှိ အရှေ့အလယ်ပိုင်း နိုင်ငံရေး ကျွမ်းကျင်သူ ပါမောက္ခ Gilbert Achcar က ဆိုသည်။  “ဆာဒမ်ဟူစိန် ပြုတ်ကျပြီးနောက်ပိုင်း အီရန် က အီရတ်ကို ထိန်းချုပ်သွားမှာနဲ့ ပတ်သတ်ပြီး သူတို့တွေက စိုးရိမ်ကြတာ” ဟု သူကဆိုသည်။

စစ်ပွဲအတွင်း ဘာတွေဖြစ်ပျက်ခဲ့လဲ

ကူဝိတ်နယ်စပ်ကို ဖြတ်သန်းကာ အီရတ်ကို သိမ်းပိုက်မည့် Operation Iraqi Freedom  အမည်ရှိ အီရတ် လွပ်လပ်ရေး စစ်ဆင်ရေး ကို  အမေရိကန် နှင့် မဟာမိတ် ပူးပေါင်းတပ်များ အရေအတွက် ၂၉၅,၀၀၀ ဖြင့် ၂၀၀၃ ခုနှစ် မတ်လ ၂၀ရက် အာရုဏ်တက်ချိန်တွင် စတင်ခဲ့သည်။

အီရတ် မြောက်ပိုင်းတွင် Kurdish Peshmerga စစ်တပ် တပ်ဖွဲ့ဝင် ၇၀,၀၀၀ က အီရတ် တပ်များကို တိုက်ခိုက်ခဲ့ပြီး မေလ သို့ ရောက်လာသည့်အခါ အီရတ် စစ်တပ် ရှုံးနိမ့်သွားကာ ဆာဒမ်အစိုးရကို ဖြုတ်ချခဲ့သည်။ ဆာဒမ်ဟူစိန်ကို နောက်ပိုင်းတွင် ဖမ်းရခဲ့ပြီး တရားစွဲ စစ်ဆေးကာ ကွပ်မျက်ခဲ့သည်။ သို့ရာတွင် အကြီးအကျယ်ဖျက်ဆီးစေနိုင်သော မည်သည့် လက်နက်များကိုမျှ အီရတ်တွင် မတွေ့ခဲ့ပေ။

၂၀၀၄ ခုနှစ်တွင် အီရတ်နိုင်ငံတွင် ဂိုဏ်းဂနဆိုင်ရာ သူပုန်ထခြင်း ကြီးစိုးလာသည်။ နောက်ပိုင်းတွင် အီရတ်၏ ဆူနီ နှင့် ရှီယာ မူဆလင်တို့ အကွဲအပြဲများကြား ပြည်တွင်းစစ်ဖြစ်ပွားလာခဲ့သည်။

အမေရိကန်တပ်များ အီရတ် မှ ၂၀၁၁ ခုနှစ်တွင် ဆုတ်ခွာခဲ့သည်။ စစ်ပွဲကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃ ထရီလီယံ အထိ ကုန်ကျပြီး ၂၀၀၃ မှ ၂၀၁၁ အတွင်း အီရတ် နိုင်ငံမှ စစ်ပွဲနှင့် ဆက်စပ်သည့် ဖြစ်ရပ်များကြောင့် လူပေါင်း ၄၆၁,၀၀၀ အထိသေဆုံးခဲ့သည် ဟု ခန့်မှန်းသည်။

“အမေရိကန်ဟာ ဒီစစ်ပွဲကြောင့် ယုံကြည်လက်ခံနိုင်စွမ်းတွေ အရမ်းဆုံးရှုံးသွားခဲ့ရပါတယ်” ဟု Royal United Services အင်စတီကျူ အကြံပေးအဖွဲ့၏ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ Karin von Hippel က ပြောကြားခဲ့သည်။

“နှစ်ပေါင်းနှစ်ဆယ် အကြာမှာ ခင်ဗျားလူတွေခုထိ ပြောနေကြတာတွေကို ကြားရဲ့လား၊ ငါတို့ဘာလို့ အမေရိကန် ထောက်လှမ်းရေးကို ဘာလို့ ယုံကြည်ချင်နေရတာလဲ” ဟု သူက ပြောဆိုခဲ့သည်။

BBC သတင်းဌာနပါ Why did the US and allies invade Iraq, 20 years ago? ဆောင်းပါးကို ကျော်ဇံဘာသာပြန်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ