(The Diplomat သတင်းစာတွင် အောက်တိုဘာလ ၁၀ ရက်နေ့က Investigation: What Happened at Buthidaung Town in Myanmar’s Rakhine State ခေါင်းစဥ်ဖြင့် သတင်းထောက် Rajeev Bhattacharyya ရေးသားထားသည့် ဆောင်းပါးအား Arakan Bay News သတင်းဌာန၏ ပင်တိုင် အင်္ဂလိပ်ဆောင်းပါးများဘာသာပြန်သူ ကျော်ဇံ ဘာသာပြန်ထားခြင်းဖြစ်သည်။)
ရှားရှားပါးပါး ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့သော ခရီးစဥ်ကြောင့် အာရက္ခတပ်တော်က မေလအတွင်း ဘူးသီးတောင်မြို့ကို မသိမ်းမီနှင့် သိမ်းပြီးနောက်တွင် ဖြစ်ပျက်ခဲ့သည့် ရုန်းရင်းဆန်ခတ် အဖြစ်အပျက်များနှင့်ပတ်သက်၍ ပိုမိုရှင်းလင်း သဘောပေါက်နားလည် စေခဲ့သည်။
အာရက္ခတပ်တော်က မြန်မာ့စစ်တပ်၊ အကြမ်းဖက်စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ရက္ခိုင်ပြည်တွင် နေထိုင်ကြသည့် မူဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စတင်စွပ်စွဲလာခဲ့သည်။ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနယ်စပ်ရှိ စစ်ကောင်စီလက်မှ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ဧပြီလအတွင်း အာရက္ခတပ်တော်အပေါ် စွပ်စွဲချက်များ ပိုမိုလူသိရှင်ကြားဖြစ်လာခဲ့သည်။
ဘူးသီးတောင်မြို့မှ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် မူဆလင်လူအုပ်ကြီး ဘေးလွတ်ရာထွက်ပြေးနေကြသည့် ဗီဒီယိုများ လူမှုကွန်ယက်တွင် ပျံ့နှံ့သွားပြီးနောက် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က မူဆလင်များအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို ပြန်လည်အမှတ်ရစေခဲ့ပါသည်။ ထိုအချိန်က ထွက်ပြေးလာသည့် မူဆလင် ၇၀၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေရှ့်တွင် ပြန်လည်နေရာချထားပေးရန် ဖိအားပေးခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ မေလတွင်လည်း အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များ ဘူးသီးတောင်မြို့သို့ဝင်ရောက်လာပြီးနောက် မူဆလင်များအားလုံး မြို့ထဲကထွက်ခွာရန် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက အမိန့်ပေးသည်ဆိုသော စွပ်စွဲချက်များလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စဥ်လျဥ်း၍ ၂၀၂၄ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာရုံး (OHCHR) ၏ အစီရင်ခံစာတွင် ဘူးသီးတောင်မြို့နှင့် မြို့အနီးတဝိုက်ရှိ အထူးသဖြင့် မူဆလင် အရပ်သားများကို ပစ်မှတ်ထားကာ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်ပါ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည် ဟု စွပ်စွဲထားသည်။ ပြည်သူပိုင် အဆောက်အဦးများ၊ အိုးအိမ်မျာကို ရည်ရွယ်ချက်ရှိရှိဖြင့် မီးရှို့ခြင်း၊ အရပ်သားများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် လိင်အကြမ်းဖက်မှုများ နှင့်ပတ်သက်၍ အစီရင်ခံစာများကိုလည်း OHCHR အနေဖြင့် မှတ်သား ဖော်ပြခဲ့သည်။
အာရက္ခတပ်တော်က ဘူးသီးတောင်မြို့ရှိ ၄င်းတို့၏စစ်ဆင်ရေးအတွင်း မူဆလင်များအပါအဝင် အရပ်သားများအပေါ် မည်သည့်တိုက်ခိုက်မှုမျှ မလုပ်ကြောင်း လုံးဝငြင်းဆိုထားပြီး စစ်ကောင်စီကလည်း အလားတူငြင်းဆိုထားသည်။ သို့ရာတွင် ပြည်သူပိုင်အိမ်များ မီးရှို့ခံခဲ့ရပြီး ဒါဇင်နှင့်ချီသော အရပ်သားများ သတ်ဖြတ်ခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည်။
ဘာတွေဖြစ်ပျက်ခဲ့တာလဲ
ဘူးသီးတောင်မြို့သည် ရက္ခိုင်ပြည်၊ မြို့တော်စစ်တွေနှင့် အနောက်မြောက်ဘက် ၉၆ ကီလိုမီတာ အကွာတွင်တည်ရှိပြီး မောင်တောခရိုင်၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ ဘူးသီးတောင်မြို့နေလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်ကြပြီး ခန့်မှန်းလူဦးရေ ၂၀၆,၀၀၀ အနက် ၁၈၀,၀၀၀ ခန့်ရှိသည်။ ဘူးသီးတောင်မြို့ရှိ လူဦးရေပမာဏ၏ ၂၅ ရာခိုင်နှုန်းခန့်မှာ ဗုဒ္ဓဘာသာ၊ ရက္ခိုင်လူမျိုးများဖြစ်ကြပြီး ကျန်လူဦးရေမှာ ခူမီး၊ ကမန်၊ မရမာ၊ ချင်း၊ ဒိုင်းနက် နှင့် ဘင်္ဂလီ-ဟိန္ဒူလူမျိုးတို့ ဖြစ်ကြသည်။
ကျွန်တော်သည် အာရက္ခတပ်တော်မှ ဘူးသီးတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်နေစဥ်အတွင်း မြို့ထဲတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို စုံစမ်းဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဇွန်လ ၂၀-၂၅ အထိ ၆ရက်ကြာ မြို့တွင်းတွင် ရှိနေခဲ့သည်။ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်လေ့လာခွင့်ရခဲ့သည့်အပြင် အာရက္ခတပ်တော် နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ဌာနဆိုင်ရာများ၊ ဖမ်းမိထားသည့် စစ်ကောင်စီအရာရှိများ၊ IDP စခန်းသုံးခုတွင် နေထိုင်သူများ၊ တခြားမတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်းများမှ လူများကို စေ့စေ့စပ်စပ် မေးမြန်းခဲ့ပါသည်။
အာရက္ခတပ်တော်က ဘူးသီးတောင်မြို့ကို မသိမ်းမီအခြေအနေ
အာရက္ခတပ်တော်သည် စစ်ကောင်စီလက်မှ ဘူးသီးတောင်မြို့ကိုသိမ်းပိုက်ရန် ထိုးစစ်မစတင်မီ ချင်းပြည်တောင်ပိုင်းနှင့် ရက္ခိုင်ပြည်တနံတလျားရှိ မြို့ (၉)မြို့ကို သိမ်းယူခဲ့ပြီးဖြစ်သည်။ စစ်ကောင်စီအနေဖြင့် များစွာသော ခက်ခဲသည့် အခြေအနေများ ပေါင်းစုလာခြင်းကြောင့် အာရက္ခတပ်တော်ကို ဟန့်တား၍ မြို့ကို ကာကွယ်ရန် မတတ်နိုင်ကြောင်း ကြိုတင်သိရှိခဲ့သည်။ ဘူးသီးတောင်မြို့တွင် ဇွန်လ ၂၄ ရက်နေ့က ဤသတင်းထောက်မှ အင်တာဗျူးခဲ့သော ဖမ်းဆီးခံ စစ်ကောင်စီတပ်မှ ဗိုလ်မှူး လှိုင်ဝင်းထွန်းက စစ်ကောင်စီတပ်များသည် ပြည်သူလူထုထောက်ခံမှု မရှိခြင်း၊ တိုက်ခိုက်လိုစိတ်များ ကျဆင်းလာခြင်းနှင့် လူသူလက်နက် အရင်းအမြစ်များ အားနည်းခြင်းတို့ကို တွေ့ကြုံခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
အကျိုးဆက်အနေဖြင့် စစ်ကောင်စီတပ်သည် မြို့ကိုကာကွယ်ရန်အတွက် မူဆလင်လူငယ်များပါဝင်သည့် ပြည်သူ့စစ်ဖန်တီးရန်၊ မူဆလင်နှင့် မူဆလင်မဟုတ်သော အုပ်စုများကြား ပဋိပက္ခများဖန်တီးရန်အပါအဝင် သူတို့ရည်ရွယ်ချက်များ ပြည့်ရန်အတွက် ယခင်က ရန်သူဖြစ်ခဲ့သည့် အကြမ်းဖက်အဖွဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) နှင့်ပူးပေါင်းခဲ့သည်။ အာရက္ခတပ်တော်၏ ဌာနဆိုင်ရာအဖွဲ့များက စစ်ကောင်စီတပ်သည် နောက်ထပ်မူဆလင် အကြမ်းဖက်အဖွဲ့ (၂)ဖွဲ့ဖြစ်သော ရိုဟင်ဂျာပေါင်းစည်းရေးအဖွဲ့ (RSO) နှင့် အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း ၄င်းအဖွဲ့(၂)ဖွဲ့က မြို့တွင်းတွင် လှုပ်ရှားဆောင်ရွက်ခြင်း အထောက်အထားကို မတွေ့ရပေ။ (ဤအုပ်စု ၂ ခုမှာ မောင်တောမြို့နှင့် အနီးတဝိုက်တွင် လှုပ်ရှားသည်ဟု သိရသည်။)
အာရက္ခတပ်တော်၏ ဌာနဆိုင်ရာများနှင့် အဖမ်းခံထားရသည့် မြို့နယ်ရဲမှူး အောင်ကျော်ကျော်အား မေးမြန်းချက်များတွင် အာရက္ခတပ်တော်က ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၃ မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာပြီးနောက်တွင် စစ်ကောင်စီတပ်၏ ARSA နှင့်ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်ကို သိရှိခဲ့ရသည်ဟု ဆိုသည်။ အစီအစဥ်ကို ညှိနှိုင်းဆောင်ရွက်ရန် စစ်ကောင်စီအရာရှိများနှင့် ARSA ဘက်မှ ထိပ်ပိုင်းခေါင်းဆောင်းများကြား မောင်တောနှင့် ဘူးသီးတောင်တို့တွင် အစည်းအဝေးများ တောက်လျှောက်ပြုလုပ်ခဲ့ကြသည်။ မတ်လနှင့် ဧပြီလအတွင်း မူဆလင်လူငယ် ၇၀၀ ခန့်ကို စုဆောင်း၍ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ တပ်စခန်းများတွင် ရက်အနည်းငယ်ကြာ သင်တန်းပေးလေ့ကျင့်ခဲ့ကြကြောင်း ဖမ်းဆီးခံခဲ့ရသည့် စစ်ကောင်စီ ဗိုလ်မှူး လှိုင်ဝင်းထွန်းက ဆိုသည်။
အစီအစဥ်ကို အကောင်အထည်ဖော် မဆောင်ရွက်မီ အာရက္ခတပ်တော်မှ ထိုးစစ်ဆင်ဝင်ရောက်မှုကို ဟန့်တားရန်အတွက် မေယုမြစ်ရှိ ကုလားပန်ဇင်းချောင်းတွင် မြို့နှင့်ဆက်ထားသည့် တံတားကို စစ်ကောင်စီတပ်မှ ဖောက်ခွဲဖျက်ဆီးခဲ့သည်။
အတင်းအဓမ္မ စုဆောင်းခံခဲ့ရသည်ဆိုသော အစီရင်ခံစာများရှိခဲ့ပြီး လူသစ်စုဆောင်းခံခဲ့ရသည့် မူဆလင် လူငယ်များထဲမှ အများစုမှာ စစ်ကောင်စီထံမှ ထွက်ပြေးလွတ်မြောက်လာကြပြီး ဘူးသီးတောင်မြို့အနီးတဝိုက် တိုက်ပွဲများဖြစ်ပွားလာချိန်တွင် အာရက္ခတပ်တော်ထံ လက်နက်ချသူများရှိခဲ့သည်။ ထွက်ပြေးလွတ်မြောက်လာသူများနှင့် ပြုလုပ်သည့် အမေးအဖြေအင်တာဗျူးများတွင် ARSA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သူတို့ကို မည်ကဲ့သို့ အတင်းအကျပ် လူသစ်စုဆောင်းကြကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခိုင်းကြောင်း သူတို့တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို ပြောကြားခဲ့ကြသည်။
“ကျွန်တော်တို့ကို ဘန်ကာတွေဆောက်ခိုင်းတယ်၊ ဆက်သွယ်ရေးမြောင်းတွေ တူးခိုင်းတယ်၊ ပြီးရင် ဗုဒ္ဓဘာသာ ရက္ခိုင်တွေရဲ့ အိမ်တွေကို မီးရှို့ခိုင်းတယ်၊ ပြီးတော့ စစ်တပ်နေရာတွေမှာ ကင်းစောင့်ခိုင်းဖို့ စစ်ကောင်စီတပ်က ညွန်ကြားပါတယ်။ စစ်ဆင်ရေးအတွင်းမှာ ကျွန်တော်တို့နဲ့ အတူတူရှိနေတာက အာဆာလက်နက်ကိုင်တွေဖြစ်ပြီး စစ်တပ်ဘက်ကလည်း နည်းနည်းပါပါတယ်။ သူတို့က ကျွန်တော်တို့ လုပ်တာကိုင်တာတွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတာတွေရှိတယ်” ဟု မြို့တွင်းရဲစခန်း၌ အာရက္ခတပ်တော်ထံတွင် လက်နက်ချပြီး လွတ်မြောက်လာသူ ဟာမစ်ဒူလာက ပြောပြခဲ့သည်။
ဟာမစ်ဒူလာပြောကြားချက်ကို အတည်ပြုနိုင်သည့် အချက်မှာ ဟာမစ်ဒူလာကဲ့သို့ စစ်ကောင်စီထံက လွတ်မြောက်လာကြသည့် မိုဟာမတ်ရှာလီ၊ မိုဟာမတ်ဂျူနစ် နှင့် မိုဟာမတ် ဂျိုဟာ တို့သည် စစ်ကောင်စီထံတွင် ဘူးသီးတောင်မြို့ တခြားနေရာများမှ အတင်းအကျပ်စုဆောင်းခံခဲ့ရသည့် မူဆလင်လူငယ်များဖြစ်ကြသည်။ ဤပြောကြားချက်မှာ အာရက္ခတပ်တော်၏ ဌာနဆိုင်ရာများနှင့် မြို့တွင်းရှိ ခူမီး၊ မရမာ နှင့် ဟိန္ဒူ-ဘင်္ဂလီအသိုင်းအဝိုင်းအပါအဝင် နေစရာမဲ့ဖြစ်သွားကြသည့် ဒေသခံများပြောပြချက်နှင့်လည်း ကိုက်ညီမှုရှိသည်။
စစ်ကောင်စီ၏ နောက်ထပ်ခြေလှမ်းတစ်ခုမှာ လူမျိုးရေးအမုန်းတရားတိုးပွားစေရန် အာရက္ခတပ်တော်အပေါ် ဘူးသီးတောင်မြို့ရှိ မူဆလင်များကို ဆန္ဒပြခိုင်းခြင်းဖြစ်သည်။ စစ်ကောင်စီက ထိုဆန္ဒပြပွဲများကြောင့် မူဆလင်နှင့် တခြားသော လူမှုအသိုင်းအဝိုင်းများကြား ပဋိပက္ခဖန်တီးပြီး ဘူးသီးတောင်မြို့တွင်းသို့ အာရက္ခတပ်တော်တပ်ဖွဲ့များ ဝင်ရောက်ခြင်းကို ဟန့်တားနိုင်လိမ့်မည်ဟု ယူဆခဲ့သည်။
ရက္ခိုင်ပြည်ရှိ တခြားသောမြို့များတွင်လည်း အလားတူနည်းနာများကို စစ်ကောင်စီက ကျင့်သုံးခဲ့သည်။ မတ်လ ၂၂ရက်နေ့တွင် ထောင်နှင့်ချီသော ဆန္ဒပြသူများ အာရက္ခတပ်တော်ကို ရှုံ့ချသည့်စာတမ်းများ၊ ကြွေးကြော်သံများဖြင့် မြို့တော်စစ်တွေ လမ်းမကြီးများတွင် ဆန္ဒပြချီတက်ခဲ့ကြသည်။ မူဆလင်တက်ကြွလှုပ်ရှားသူ နေဆန်းလွင်က စစ်တပ်သည် စစ်တွေမြို့တွင်ရှိသော မူဆလင်များ ထိုဆန္ဒပြပွဲများတွင် မပါဝင်ပါက သူတို့၏နေအိမ်များကို မီးရှို့ပြီး တိုင်းပြည်မှ နှင်ထုတ်မည်ဟု ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း စွပ်စွဲခဲ့သည်။
မူဆလင်ဘာသာရေးခေါင်းဆောင်များနှင့် ကျောင်းဆရာများဖြစ်ကြသည့် မိုလာနာ အဗ္ဗဒူ ဂိုနီ၊ မိုဟာမတ် နို၊ အဘူ ဘာဆာ နှင့် အာတူလာ တို့ ဘူးသီးတောင်မြို့တွင် ဇွန်လ ၂၂ရက်နေ့ အင်တာဗျူးခဲ့သည်။ သူတို့လေးဦးက မြို့တွင်းတွင် ဆန္ဒပြရန် မူဆလင်အသိုင်းအဝိုင်းမှ လူအားလုံးက ပါဝင်ခဲ့ခြင်း မဟုတ်ကြောင်း ရှင်းပြသည်။ အနီးအနားကျေးရွာများမှ ဒေသခံများမှာ အာဆာနှင့် စစ်ကောင်စီထံ သင်တန်းတက်ထားသည့် လူငယ်တစ်စုက ပြုလုပ်သည့် အစီအစဥ်များတွင် ပါဝင်ရန် စိတ်အားထက်သန်ခဲ့ကြသည် ဟုဆိုသည်။ မြို့အနီးရှိ ကျေးရွာများမှ ဒေသခံများသည် အကြမ်းဖက်မှုများတွင် ပါဝင်ခဲ့ကြကြောင်း ဖမ်းဆီးခံထားရသည့် ရဲမှူး အောင်ကျော်ကျော်က အတည်ပြုပြောကြားသည်။
ဘူးသီးတောင်မြို့မှ ကျွန်တော်ရရှိထားသည့် ဗီဒီယိုတစ်ခုတွင် စစ်ကောင်စီပိုင်ဆိုင်သည့် အပြာရောင်ဆေးသုတ်ထားသည့် မီနီထရပ်ကားတစ်ဒါဇင်ခန့် ဆန္ဒပြသူများနောက်မှ လိုက်ပါလာပြီး ဆန္ဒပြသူအများစုမှာ စာတမ်းများကိုင်ဆောင်ပြီး ကြွေးကြော်နေကြသည်။ ကားတစ်စီးမှာ ပိုစတာအနည်းငယ်ကို သယ်ယူလျက်ပါလာကြောင်းတွေ့ရသည်။ ပါလာသည့် ယာဥ်များမှာ ဆန္ဒပြရန်အနီးအနားရှိရွာများမှ ဘူးသီးတောင်မြို့သို့ ဒေသခံများကို သယ်ယူရာတွင် အသုံးပြုရန်အတွက် ဖြစ်နိုင်သည်။
မီးရှို့၊လုယက်၊ သတ်ဖြတ်မှုများ
အာရက္ခတပ်တော်မှ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်သည့်အခါ ဘူးသီးတောင်မြို့တွင်းတွင် မီးရှို့မှုများ အများအပြားရှိခဲ့သည်ဟု မေလအတွင်း မီဒီယာတစ်ချို့က အကျယ်တဝင့်ဖော်ပြခဲ့ကြသည်။ မြို့၏နေရာတော်တော်များများ မီးလောင်မှုများရှိခဲ့သည့် သက်သေသာဓကအဖြစ် ဂြိုလ်တုမှရရှိသည့် ပုံများကို ကိုးကားဖော်ပြကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ဒုဝန်ကြီးနှင့် မူဆလင်အရေး တက်ကြွလှုပ်ရှားသူ အောင်ကျော်မိုးက မူဆလင်များကို အာရက္ခတပ်တော်မှ မြို့ထဲကထွက်ခွာရန် ညွန်ကြားခဲ့သော်လည်း မည်သည့်အရပ်ကို သွားရမည်ကို မပြောခဲ့သဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အခါ ပိတ်နေသူများရှိခဲ့ကြောင်း မီဒီယာများကို ပြောခဲ့သည်။
ဤအစီရင်ခံစာများမှာ မေလ ၁၈ရက်နေ့က အာရက္ခတပ်တော်မှ သိမ်းပိုက်ခဲ့သော ဘူးသီးတောင်မြို့တွင်းအခြေအနေကို ရည်ညွန်းဖော်ပြခြင်းဖြစ်သည်။ ဘူးသီးတောင်မြို့မှာ စုစုပေါင်း ဧရိယာ ၂၂၂၅ စတုရန်းကီလိုမီတာ (၈၉၅ စတုရန်းမိုင် )ရှိသော မြို့နယ်တစ်ခုလုံး၏ သေးငယ်သည့် အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ သို့ရာတွင် ဧပြီ ၁၂မှ စ၍ မြို့တွင်းတွင် မီးလောင်မှုများစတင်ခဲ့ပြီး မေလ ဒုတိယအပတ်ထိ ကြားပြတ်ကြားပြတ်ရှိခဲ့သည်။ မီးလောင်မှုအများဆုံးခံရသည့် နေရာမှာ အမှတ် (၄)ရပ်ကွက်ဖြစ်ပြီး အိမ်အများစုမှာ မီးရှို့ခံထားရသည်။ နောက်ထပ် မီးလောင်မှုများရှိသည့် နေရာများမှာ အမှတ် (၃)၊ (၅) နှင့် (၇) ရပ်ကွက်တို့ ဖြစ်ကြသည်။ မီးရှို့ခံထားရသည့် နေအိမ်များမှာ ဗုဒ္ဓဘာသာ ရက္ခိုင်လူမျိုးများ ပိုင်ဆိုင်သည့် နေအိမ်များဖြစ်ကြပြီး တခြားသော ခူမီး၊ မရမာ၊ ဟိန္ဒူ-ဘင်္ဂလီများ ပိုင်ဆိုင်သည့် နေအိမ်တစ်ချို့လည်း ပါဝင်သည်။
လုံးဝ သို့မဟုတ် တစိတ်တပိုင်း မီးရှို့ခံရသည့် အဆောက်အဦးတို့တွင် နယ်စည်းမထားဆရာဝန်များအဖွဲ့ ( MSF- Medecins Sans Frontieres) ၊ ဆာလောင်မှုတိုက်ဖျက်ရေးအဖွဲ့ (Action Against Hunger) တို့၏ အဆောက်အဦးရုံးခန်းများ နှင့် ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းလည်း ပါဝင်သည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးရှို့ခံရပြီး နောက်ထပ် ဖျက်ဆီးခံထားရသော အမှတ်အသားများကိုလည်း တွေ့ရသည်။ ခူးမီးမျိုးနွယ်စုမှ သင်းအုပ်ဆရာ သာယာအောင်က မူဆလင်၊ ဗုဒ္ဓဘာသာရက္ခိုင်လူမျိုးများအပါအဝင် တခြားသောမျိုးနွယ်စုတို့နေထိုင်သည့် အမှတ် (၄) ရပ်ကွက်ထဲသို့ ဒေါသထွက်နေသည့် လူအုပ်ကြီးဝင်ရောက်လာပုံကို ပြန်ပြောပြသည်။ “အခြေအနေတွေ ဆိုးရွားနေတယ်လို့ သိပေမယ့် မြို့ထဲမှာပဲ ဆက်နေဖို့ ကျွန်တော်တို့မျိုးနွယ်စုထဲက မိသားစုတစ်ချို့က ဆုံးဖြတ်ခဲ့ကြတယ်။ အိမ်နီးချင်း မူဆလင်တစ်ချို့ကလည်း ဘယ်ကိုမှ မပြောင်းဖို့ ကျွန်တော်တို့ကို ပြောတော့ ကျွန်တော်တို့လည်း သူတို့ပေးတဲ့ အကြံဉာဏ်ကို ယူခဲ့ကြတယ်” ဟု ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြန်ပြောပြသည်။
“ဧပြီ ၁၉ရက်နေ့က စစ်ကောင်စီသင်တန်းပေးထားတဲ့ မူဆလင်လူငယ်တွေပါဝင်တဲ့ လူအုပ်စုဟာ ကျွန်တော်တို့ ရပ်ကွက်ထဲကို အုပ်စုသုံးစုခွဲပြီးတော့ ဝင်လာကြတယ်။ ပထမအုပ်စုက စစ်ကောင်စီသင်တန်းပေးထားတဲ့ မူဆလင်တွေပေါ့။ သူတို့က ကျွန်တော်တို့ကို နေအိမ်တွေကနေ ထွက်သွားဖို့ အမိန့်ပေးတယ်။ ဒုတိယအုပ်စုကတော့ ပိုင်ဆိုင်မှု၊ ပစ္စည်းဥစ္စာတွေကို လုယူဖျက်ဆီးပြီး တတိယအုပ်စုက အိမ်တွေကို မီးရှို့တယ်၊ သူတို့အများစုကတော့ သူတို့ကိုယ်သူတို့ အာဆာ (ARSA)လို့ ပြောကြတယ်” ဟု သူက ဆက်ပြောပြသည်။ ဦးသာယာအောင်၏ ပြောကြားချက်ကဲ့သို့ UNHCR က စက်တင်ဘာလ ၄ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ၂၀၂၄ ဧပြီလတွင် စစ်တပ်က ဘူးသီးတောင်မြို့ရှိ ရက္ခိုင်လူမျိုးတို့၏ အိမ်ပေါင်းရာချီကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြပါရှိသည်။
ပိုင်ရှင်များမှာ ဘူးသီးတောင်မြို့တွင် အကြမ်းဖက်မှုများ မဖြစ်ပွားမီ ရက်သတ္တပတ်မတိုင်မီကပင် မြို့တွင်းမှ ဘေးလွတ်ရာသို့ ရွေ့ပြောင်းသွားကြသည့်အတွက်ရက္ခိုင်လူမျိုးများပိုင်ဆိုင်သည့် အိမ်အများစုမှာ မီးရှို့ခြင်း မပြုခင်ကပင် လူများနေထိုင်ခြင်းမရှိကြပေ။ ထိုအိမ်များကို မီးရှို့ပြီး ထုရိုက်ဖျက်ဆီးခဲ့ကြသည်။ တစိတ်တပိုင်းမီးလောင်ခံခဲ့ရသည့် အိမ်များအပါအဝင် တချို့အိမ်များကို ဝင်ကြည့်သည့်အခါ သာမန်အိမ်တလုံးတွင်တွေ့ရသည့် ချက်ပြုတ်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများကဲ့သို့ အရာများပျောက်ဆုံးနေသည်ကို တွေ့ရသည်။ ခိုးဝှက်လုယူခဲ့သော ပစ္စည်းတချို့မှာ လုယက်မှုများတွင်ပါဝင်ခဲ့သည့် မြို့တွင်းမှ မူဆလင်လူမျိုးများ၏ နေအိမ်များတွင် သိမ်းဆည်းထားသည့် တိကျသည့် သက်သေများလည်း ရှိခဲ့သည်။
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်မှ လုံးဝသိမ်းပိုက်ပြီးနောက် တစ်ရက်အကြာ မေလ ၁၉ ရက်နေ့တွင် လုယက်မှုများနှင့် အာဆာကို ဆန့်ကျင်သည့် နောက်ထပ် မူဆလင် အုပ်စုတစ်စုက ခိုးယူ၊ လုယူခံထားရသည့် ပစ္စည်းများသိမ်းထားသည့်နေအိမ်များကို အာရက္ခတပ်တော်ကို လိုက်လံပြသခဲ့သည်။ ထိုအိမ်များတွင်နေထိုင်သည့် သူများမှာ လက်စားချေခံရမည်စိုး၍ မြို့တွင်းမှထွက်ပြေးသွားကြပြီးဖြစ်သည်။ တချို့ပစ္စည်းများကို မြေအောက်တွင်မြုပ်ထားကြပြီး လုယက်သူများ၏ အိမ်ရှိ မြေအောက်ခန်းများတွင် သိမ်းဆည်းထားသည်ကို တွေ့ရှိရသည်။ အာရက္ခတပ်တော်နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဌာနဆိုင်ရာများနှင့် ဒေသခံမူဆလင်များ မြေကြီးထဲမှ ဗီရိုတစ်လုံးကို တူးဖော်နေသည့် ဗီဒီယိုတစ်ခုတွင်တွေ့ရသည်။ ကျွန်တော်ကိုယ်တိုင်လည်း ခိုးယူထားသည့် ပြတင်းပေါက်၊ တံခါးပေါက်များ၊ စည်သွတ်ဗူးများ၊ သစ်သားများကဲ့သို့ ပစ္စည်းများကို လူမနေသည့် အိမ် (၂) လုံးတွင်တွေ့မြင်ခဲ့ရသည်။
ဘူးသီးတောင်မြို့တွင် မီးရှို့ခံခဲ့ရသည့် စုစုပေါင်းအိမ်အရေအတွက်၏ ခန့်မှန်းခြေပမာဏမှာ ကွဲပြားမှုများရှိသည်။ အမှတ် (၅) ရပ်ကွက်မှ ဒေသခံတစ်ဦးဖြစ်သည့် သန်းဝင်းက စုစုပေါင်း အိမ်ခြေ ၄၅၀၀ ထဲမှ မြို့တွင်းရှိ အိမ်ခြေ ၂၉၀၀ ခန့်မှာမီးလောင်ခံခဲ့ရကြောင်း ဆိုသည်။ အာရက္ခတပ်တော်မြို့တွင်းသို့တိုးဝင်လာခြင်းကြောင့် အကြမ်းဖက်မှုများ လျော့ကျသွားပြီးနောက် ဧပြီ ၂၄ နှင့် ၂၉ ရက်နေ့များတွင် တစ်ကြိမ်နှင့် ဧပြီ ၁၃ နှင့် ၁၆ရက်တို့တွင် အိမ်အများစု မီးရှို့ခံခဲ့ရကြောင်းသူက ဆိုသည်။ မြို့တွင်းရှိ ULA ၏ ဌာနနှင့် စစ်ဘေးရှောင် စခန်းတစ်ခုမှ လူကြီးနှစ်ဦးကလည်း မီးလောင်ခံရသည့်အိမ်အရေအတွက်မှာ ၁၅၀၀ မှ ၂၀၀၀ အထိရှိကြောင်း စာရင်းသွင်းထားသည်ဟု ဆိုသည်။ ဤခန့်မှန်းပမာဏများအရ မြို့တွင်းရှိ အိမ်စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်မှာ မီးလောင်ခံခဲ့ရကြောင်း ဆိုနိုင်သည်။
သို့ရာတွင် မြို့တွင်းကိုလှည့်ပတ်သွားလာကြည့်ရှုသည့်အခါ မီးလောင်ခံထားရသည့် အိမ်အရေအတွက်ပမာဏမှာ အပေါ်က ပေးထားသည့် အရေအတွက်ထက် လျော့နည်းနိုင်ကြောင်း ခံစားရစေသည်။ မြို့ထဲတွင် မည်သည့်ထိခိုက်မှုမှမခံခဲ့ရသော မူဆလင်များနေထိုင်ခဲ့သည့် လူမနေသည့် ရပ်ကွက်များလည်း ရှိကြသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်လက်အောက် ဌာနတစ်ခုဖြစ်သော လူသားချင်းစာနာမှုဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကောက်ခံထားရှိသော အချက်အလက်များအရ မေလအထိ ရက္ခိုင်ပြည်နှင့် ချင်းပြည်တောင်ပိုင်း ပလက်ဝတို့တွင် သေဆုံးသွားသည့် ၁၉၄ ဦးထဲမှ ဘူးသီးတောင်မြို့နယ်မှ သေဆုံးသွားသူအရေအတွက်မှာ အမျိုးသမီးများအပါအဝင် ၂၅ ယောက်ရှိသည်ဟုဆိုသည်။ သို့ရာတွင် ဘူးသီးတောင်မြို့တွင်းမှ သေသွားသည့် အရေအတွက်ကို ဖော်ပြသည့် သီးခြားအချက်အလက်ကို မတွေ့ရပေ။ HDCOရရှိထားသည့် အချက်အလက်ကို သီးခြားအတည်မပြုနိုင်ပေ။
ကျွန်တော်အလည်သွားရောက်ခဲ့သည့် စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များနှင့် အာရက္ခတပ်တော် ဌာနဆိုင်ရာများ ပြောကြားချက်အရ မူဆလင်မဟုတ်သည့် အသိုင်းအဝိုင်းမှ အနည်းဆုံး ၁၀ ယောက်ခန့်မှ အသတ်ခံရ သို့မဟုတ် မြို့တွင်းမှ ပျောက်ဆုံးသွားခြင်းရှိသည်ဟု ဆိုသည်။ ပျောက်ဆုံးနေသူအများစုကို စစ်တပ်က ဖမ်းဆီးပြီး မြို့အနီးရှိသူတို့၏ တပ်စခန်းများတွင် ထိမ်းသိမ်းနှိပ်စက်ကာ သတ်လိုက်ပြီဟု ယူဆကြသည်။ သေဆုံးသွားသည့် မူဆလင်များမှာ အပြင်းထန်ဆုံးသော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသည့် မြို့ပြင်ဒေသများမှ လာရောက်သူများဖြစ်သည်ဟု အမေးအဖြေ အင်တာဗျူးများနှင့် သာမန်စကားစမြည် ပြောကြားခဲ့ရာမှ စုဆောင်းထားသည့် အချက်အလက်များအရသိရသည်။ သူတို့မှာ တိုက်ပွဲအတွင်း အကာအကွယ်ယူနေရာမှ သို့မဟုတ် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အဖမ်းခံရချိန်အတွင်း အသတ်ခံရခြင်းဖြစ်သည်။
အသက်၂၀ အရွယ် မူဆလင်အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် ရိုဇီယာ က သူမ၏ မိသားစုဝင်များ ခြူချောင်းရှိ သူတို့၏ နေအိမ်တွင် လက်နက်ကြီးကျပြီးနောက် မည်သို့သေဆုံးသွားကြောင်း ပြောပြသည်။ “ကျွန်မယောက်ျားရယ်၊ ကလေးနှစ်ယောက်နဲ့ သီသီကလေး အသက်ဘေးမှ လွတ်ခဲ့တယ်။ ဒါပေမယ့် နောက်ထပ်မိသားစုဝင် လေးဦးကတော့ နောက်အခန်းတစ်ခုမှာပဲ ပွဲချင်းပြီး သေသွားခဲ့တယ်” ဟု ဇွန်လ ၂၅ ရက်နေ့က မောင်ငူဘဇားရှိ စစ်ဘေးရှောင်စခန်းတွင်ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောပြသည်။ နောက်ထပ် ဘူးသီးတောင်မြို့ စစ်ဘေးရှောင်စခန်းတစ်ခုတွင် နေထိုင်သော သက်လတ်ပိုင်းအရွယ် မူဆလင်အမျိုးသားတစ်ဦးဖြစ်သည့် အဗ္ဗဒူ လာဖာကလည်း သူတို့၏ရွာ ဖုန်ညိုလိပ်ကျေးရွာအတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။
မူဆလင်များနေအိမ်ကို မည်သူမီးရှို့ခဲ့သနည်း
လူမျိုးစုအသိုင်းအဝိုင်း အချင်းချင်းကြား ပဋိပက္ခဖန်တီးရန် ဗုဒ္ဓဘာသာ ရက္ခိုင်လူမျိုးများ နှင့် တခြားသော လူနည်းစု မျိုးနွယ်စုတို့ ပိုင်ဆိုင်သည့် အိုးအိမ်များကို မီးရှို့ဖျက်ဆီး၊ လုယက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အာဆာတို့ ပူးပေါင်းလုပ်ဆောင်ချက်များကို အာရက္ခတပ်တော်၏ ဌာနဆိုင်ရာများနှင့် ကျွန်တော်ကိုယ်တိုင်ပြုလုပ်ခဲ့သည့် အင်တာဗျူးများဖြင့် အတည်ပြုနိုင်ခဲ့သည်။ အာရက္ခတပ်တော်မြို့ထဲကို ဝင်ရောက်လာပြီးနောက် မီးရှို့မှုများကို မည်သူက လုပ်ဆောင်ခဲ့သနည်း ဆိုသည့် မေးခွန်းမှာ အတည်ပြုဖြေကြားရန် ပိုပြီးခက်ခဲပါသည်။ တစိတ်တပိုင်းအားဖြင့် အာရက္ခတပ်တော်က ဘူးသီးတောင်မြို့ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သောကြောင့်ပင်ဖြစ်သည်။ အာရက္ခတပ်တော်သည် မြို့တွင်းမှ စစ်ကောင်စီတပ်ကို မောင်းထုတ်ပြီးနောက် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေကြရသည့် မြောက်မြားစွာသော မူဆလင်များ အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် ကြိုတင်အကာအကွယ်ယူနေကြသည့် အဆောက်အဦးများနှင့် မူဆလင်နေအိမ်များအပါအဝင် တစ်မြို့လုံးရှိ အဆောက်အဦးများကို မီးရှို့ခဲ့သည် ဟု UNHCR ၏အစီရင်ခံစာ၌ စွပ်စွဲထားသည်။
သြစတြေးလျ မဟာဗျူဟာ မူဝါဒဆိုင်ရာ အင်စတီကျူ (ASIP) က ဂြိုလ်တုမှတ်တမ်းများကို အခြေခံကာ ဆောင်ရွက်ခဲ့သည့် သီးခြားအစီရင်ခံသုံးသပ်ချက်တစ်ခုတွင် ဘူးသီးတောင်မြို့တွင်း မူလက ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်တို့၏ နေအိမ်များကို အကြီးအကျယ်မီးရှို့မှုကို စစ်ကောင်စီတပ်နှင့် မူဆလင်အကြမ်းဖက်များက ဘာသာရေးပဋိပက္ခများဖန်တီးရန် ဆောင်ရွက်ခဲ့ကြကြောင်း ASIP က ပြောကြားခဲ့သည်။ ထို့အပြင် ASIP သည် အာရက္ခတပ်တော်ကိုလည်း မူဆလင်များကို လက်စားချေမီးရှို့ရန် စနစ်တကျလုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။ ထိုမီးရှို့မှုများကို ဧပြီလ ၂၄ ကတည်းကပင် မြို့ထဲတွင်တွေ့ရှိခဲ့ရပြီး မီးရှို့မှုများမှာ အနည်းဆုံး မေလ ၂၅ အထိ ဆက်ရှိနေခဲ့သည်ဟု ဆိုသည်။ အာရက္ခတပ်တော်က ထိုစွပ်စွဲချက်များကို လုံးဝငြင်းဆိုထားသည်။
ဘူးသီးတောင်မြို့တွင်းရှိ မီးရှို့ခံခဲ့ရသော နေအိမ်များတွင် ဒါဇင်ဝက်ခန့်မှာ မူဆလင်များပိုင်ဆိုင်သော နေအိမ်များဖြစ်ကြသည်။ ဇွန်လ ၂၂ ရက်နေ့က ကျွန်တော်သွားရောက်လည်ပတ်ခဲ့သည့် ဒေသတွင် အသက် ၆၀ ကျော် အသက်ကြီးကြီး လူကြီးနှစ်ဦး တချိန်က သူတို့မိသားစုနေထိုင်ခဲ့သည့် အိမ်နေရာ ဟင်းလင်းပြင်ကွင်းရှေ့တွင် ရပ်နေသည်ကို တွေ့ကြုံခဲ့ရသည်။ လုယူဖျက်ဆီးခံထားရသည့် ပစ္စည်းများ ဟိုတစ သည်တစပြန့်ကြဲလျက်ရှိပြီး မြို့၏ တခြားနေရာများတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကဲ့သို့ ဆိုးရွားသည့် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ညွန်ပြလျှက်ရှိသည်။ သူတို့ထဲက နှစ်ယောက်ထဲမှ တစ်ယောက်မှာ ဟူဆန်အာမတ် ဖြစ်သည်ဟု ဆိုသည်။ သူက ဘင်္ဂလီ နှင့် အူရဒူဘာသာစကားကို နားလည်ပြောဆိုနိုင်သည်။ သူနှင့် ခဏတဖြုတ် စကားစမြည်ပြောရာတွင် သူက အိမ်အားလုံးမှာ မေလ ၁၇ရက်နေ့တွင် မီးရှို့ခံရခြင်းဖြစ်ပြီး အာရက္ခတပ်တော် မြို့ထဲသို့ဝင်ရောက်လာသည့် နေ့နှင့် တိုက်ဆိုင်နေသည်။
“အိမ်တွေကို ဘယ်သူမီးရှို့သွားတာလဲ” ကျွန်တော်မေးကြည့်သည့်အခါ “ကျွန်တော်တို့ မမြင်ရဘူး။ အဲဒါဖြစ်တာက သန်ခေါင် ၁၂ နာရီလောက်မှာလေ။ ကျွန်တော်တို့ ဒီနေရာက ထွက်ပြေးလာကြတယ်။ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ လာသူတွေ အများကြီးပဲ” ဟု သူက ဆိုသည်။ “ဒါပေမယ့် အဲဒီလာတိုက်ခိုက်တဲ့သူတွေနဲ့ ပတ်သက်ပြီး ဘာမှ မသိနိုင်ဘူးလား” မေးမြန်းသည့်အခါ “မသိခဲ့ဘူး။ သူတို့ကို ကျွန်တော်တို့ မမြင်ရဘူး။ အရမ်းမှောင်နေတော့လေ” ဟု ပြန်ပြောသည်။
အာမတ်သည် ကျွန်တော်မေးမြန်းသည့် မေးခွန်းများကို တိတိကျကျဖြေဆိုရန် ဆန္ဒမရှိကြောင်း ထင်ရှားသည်။ လာရောက်တိုက်ခိုက်သူများ၏ ပုံပန်းသဏ္ဍာန်နှင့်ပတ်သက်၍ သူမသိဆိုသည့်အချက်ကို လက်ခံရန် ခက်ခဲပါသည်။ ဖြစ်ပျက်ခဲ့သည့် အချက်အလက်များကို ဖွင့်ထုတ်ရန် ဝန်မလေးသည့် မြို့တွင်းနှင့် မောင်ငူဘဇားတို့မှ နေရပ်စွန့်ခွာထွက်ပြေးနေရသူတစ်ချို့နှင့် ဘာသာရေးခေါင်းဆောင်များ၊ ကျောင်းဆရာတို့နှင့် မတူသည့်အချက်က အာမတ် မှာ အကြောက်တရားလွှမ်းမိုးနေကြောင်း ထင်ရှားသည်။ မူဆလင်များနှင့် အာရက္ခတပ်တော်ကြား ညှိနှိုင်းဆောင်ရွက်နေသူ လာမီယာက မူဆလင်များပိုင်ဆိုင်သည့် အိမ်များမှာ စစ်ကောင်စီတပ်၏ လေယာဥ်နှင့် ဒရုန်များမှ ချလိုက်သည့် ဗုံးများကြောင့် မီးလောင်ကျွမ်းသွားခြင်း ဖြစ်နိုင်ကြောင်း ပြောပြသည်။ သူ၏ပြောကြားချက်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ဌာနဆိုင်ရာ အကြီးအကဲများပြောကြားသည့် ပုံစံနှင့် ကိုက်ညီမှုရှိသည်။
အမှန်တကယ်လည်း ဗုံးထိကာ ပျက်စီးသွားသော နေရာများ၊ အိမ်များလည်း မြို့ထဲတွင် ရှိနေသည်။ သို့သော်လည်း ကျွန်တော်မြင်ခဲ့သော အိမ်များမှာ ဗုံးဒဏ်ကြောင့်ပျက်စီးနေသော အိမ်များမဟုတ်ဘဲ မီးရှို့ခံရသည့် လက္ခဏာများရှိနေသည်ကို တွေ့ရသည်။ မူဆလင်ကျောင်းဆရာ တစ်ယောက်ဖြစ်သော အာဘူ ဘာဆာ က အာဆာကို အပြစ်တင်ပြီး သူတို့အသိုင်းအဝိုင်းက လူအများစုမှာ အာဆာကို ရံပုံငွေထည့်ရန် ငြင်းဆန်ပါက သို့မဟုတ် သူတို့လုပ်ဆောင်နေသည့် ကိစ္စများကို ထောက်ခံမှုများ မရှိသည့်အတွက် အာဆာပစ်မှတ်ထားသည့် စာရင်းတွင်ပါနေကြောင်း ဆိုသည်။ “လူတချို့က အာရက္ခတပ်တော်က မြို့ကိုသိမ်းပြီးနောက်မှာလည်း မြို့ကထွက်မသွားကြဘူးဗျ၊ ဆိုလိုချင်တာက သူတို့ဟာ လက်စားချေတိုက်ခိုက်မှုကို ကြောက်နေစရာမလိုတဲ့အတွက်ပါ။ ဒါကြောင့် အာဆာကိုပဲ သံသယရှိတယ်” သူက အခိုင်အမာဆိုသည်။
သို့ရာတွင် လက်စားချေတိုက်ခိုက်မှုများရှိသည် ဆိုသည့်အချက်ကိုလည်း ချန်လှပ်ထားခဲ့၍ မရပေ။ အကြောင်းက အာဆာနှင့်အတူပူးပေါင်းပါဝင်ခဲ့သည့် မူဆလင်တချို့နှင့် မူဆလင်မဟုတ်သူများ၏ နေအိမ်များကို ဖျက်ဆီးလုယက်ကာ မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီထံတွင် သင်တန်းတက်ထားသူများ မြို့ထဲတွင် ရှိနေခဲ့သည်။ အကယ်၍ လက်စားချေတုံ့ပြန်သည့် တိုက်ခိုက်မှုများသာ ရှိခဲ့ပါက ခံရသူများမှာလည်း ယခုအချိန်ထွက်ပြေးသွားလောက်ပြီဖြစ်သည်။ ကျွန်တော် ဘူးသီးတောင်မြို့တွင်တွေ့ခဲ့သည့် ဤအချက်ကို မည်သူကမျှ အတည်ပြုရန် ဆန္ဒမရှိကြပေ။ အာရက္ခတပ်တော်နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ဌာနဆိုင်ရာများကလည်း မူဆလင်များကို လက်စားချေတိုက်ခိုက်မှုများတွင် ပါဝင်မှုရှိသည်ဆိုသည့် အချက်ကို လုံးဝငြင်းဆန်ထားသည်။ “စစ်ကောင်စီလက်ကနေ လွတ်မြောက်ပြီးသားဖြစ်တဲ့ မြို့နယ်တွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေစရာ အကြောင်းမရှိဘူးဗျ။ လွတ်မြောက်ပြီးတဲ့ မြို့နယ်တွေက ကျွန်တော်တို့တည်ဆောက်နေတဲ့ အာရက္ခပြည်သူ့အစိုးရအဖွဲ့ထဲမှာ လူမျိုးစုအသိုင်းအဝိုင်းအားလုံး ပါဝင်လာဖို့ ကြိုးပမ်းလုပ်ဆောင်တာပဲရှိပါတယ်ဗျ” ဟု အာလဖာ (၂) စစ်ဒေသမှ ဗိုလ်မှူးကြီး ထွန်းယဥ် က ပြောကြားသည်။
“အာရက္ခတပ်တော်က လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတယ်ဆိုပြီး ပျံ့နှံ့နေတဲ့ သတင်းက လုံးဝမှားပါတယ်၊ ဒါကို ခင်ဗျားကိုယ်တိုင် အတည်ပြုလို့ရပါတယ်။ ဒါပေမယ့် ရန်သူတွေကိုတော့ ကျွန်တော်တို့ လုံးဝသက်ညှာနေမှာမဟုတ်ပါဘူး” ဟု သူကဆက်ပြောသည်။
မီးရှို့ခံခဲ့ရသည့် အိမ်ပိုင်ရှင်များနှင့် တွေ့ဆုံရန်ကြိုးပမ်းမှုက မအောင်မြင်ခဲ့ပေ။ အာမတ်သည် အာရက္ခတပ်တော်က သူတို့ကို ဘယ်နေရာမှာ နေရာချထားပေးခဲ့ကြောင်းကို မသိခဲ့ပေ။ သို့ရာတွင် အာရက္ခတပ်တော်က မီးစိမ်းပြပြီးနောက်တွင် သူတို့ကို ပြန်လည်ခွင့်ပြုရန် မျှော်လင့်ကြောင်းဆိုသည်။ သည်ဒေသတွင် အာဆာ လှုပ်ရှားသည်ဟု သူကပြောပြသည်။ သို့ရာတွင် သူတို့နေရာနှင့် အနည်းငယ်ဝေးသော နေရာတစ်ခုကလွဲ၍ သူတို့နေရာသို့ မလာရောက်ကြောင်း အာမတ်က အခိုင်အမာဆိုသည်။ ပြီးလျှင် သူတို့ပတ်ဝန်းကျင်မှ မည်သူကမျှ အာဆာနှင့် ဆက်နွယ်မှုမရှိကြောင်း ငြင်းဆိုသည်။
ဘူးသီးတောင်မြို့မှ ဘေးလွတ်ရာသို့ကယ်ထုတ်ခြင်း
မြန်မာပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်များသည် စစ်ကောင်စီမှ အရပ်သားပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးမပြုနိုင်စေရန်နှင့် အရပ်သားပြည်သူသေကြေပျက်စီးမှုကို ရှောင်ရှားရန်အတွက် တိုက်ပွဲမစတင်မီကပင် မြို့တွင်းရှိ နေထိုင်သူများကို ကယ်ထုတ်ရန် ကြိုစားလုပ်ဆောင်မှုများရှိခဲ့ကြသည်။ စစ်ကောင်စီသည် ပဋိပက္ခဖြစ်နေသည့် ဒေသများမှ အရပ်သားများ ထွက်ခွာမှုကို တားဆီးပိတ်ပင်သည်ဟု ပြောကြားကြသည့် မြန်မာနိုင်ငံရှိတခြားနေရာဒေသများမှ အစီရင်စာအများအပြားလည်း ရှိနေပါသည်။ ပြီးခဲ့သည့် လက အာရက္ခတပ်တော်သည် တိုက်ပွဲအတွင်းပိတ်မိနေကြသည့် အနီးအနားရွာများနှင့် မောင်တောမြို့တွင်းမှ ထောင်နှင့်ချီသော အရပ်သားများကို ကယ်ထုတ်ခဲ့သည်။
စစ်ကောင်စီလက်ထဲမှ ဘူးသီးတောင်မြို့ကိုသိမ်းပိုက်ရန် အာရက္ခတပ်တော်က ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာသည့်အချိန် ဘူးသီးတောင်မြို့နှင့် တခြားပိတ်မိနေသည့် ဒေသများမှ ဒေသခံများကို ကူညီကယ်ထုတ်ခြင်းကို မေလ နောက်ဆုံးအပတ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများဖြစ်လာမည်ဟု ယူဆထားသည့် နေရာများနှင့် မြို့တွင်းမှ ဒေသခံများကို မေလ အစောပိုင်းကပင် လုံခြုံသည့် နေရာများသို့ ထွက်ခွာကြရန် သတိပေးခဲ့သည်။ မူဆလင်မဟုတ်သော လူမျိုးစုများကြားတွင် ဟိန္ဒူ-ဘင်္ဂလီတစ်မျိုးတည်းကသာလျှင် မြို့တွင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ကြကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်လက်အောက်တွင် ဘူးသီးတောင်ဒေသ အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ခံရသည့် ဦးအောင်သောင်းရွှေက ပြောကြားသည်။
ဧပြီလ လယ်တွင် မူဆလင်အသိုင်းအဝိုင်းများ မြို့မှထွက်ခွာစေရန်အတွက် မူဆလင်တချို့ကို အာရက္ခတပ်တော်က အဆက်အသွယ်ပြုလုပ်ခဲ့ကြောင်း သူကဆိုသည်။ မေလ တတိယအပတ်တွင် ကူညီကယ်ထုတ်ရန် တိုက်တွန်းနှိုးဆော်ချက်များကို မော်လဝီများ၊ ကျောင်းဆရာများနှင့် ရပ်မိရပ်ဖ လူကြီးသူမများက လော်စပီကာများဖြင့် ကြော်ငြာဆော်သြခဲ့ကြသည်။ “အာရက္ခတပ်တော်အနေနဲ့ ကျွန်တော်တို့ကနေတဆင့် လူတွေကို မြို့ကထွက်ခွာဖို့ အတွက် ကြေငြာခဲ့တာရှိပါတယ်။ ကျွန်တော်တို့ကလည်း လော်စပီကာတွေ အသုံးပြုပြီး နှစ်နာရီကြာအောင် ထွက်ခွာကြဖို့ ကြေငြာခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကလည်း စစ်ကောင်စီနဲ့ အာဆာက သူတို့ကို ထွက်ခွာခွင့်မပြုတဲ့အတွက် ကျန်နေခဲ့ရသူတွေလည်း ရှိပါတယ်” ဟု မြို့တွင်းမှထွက်ခွာရန် နှိုးဆော်တိုက်တွန်းရာတွင် ပါဝင်ခဲ့သည့် မိုဟာမတ် နို က ဆိုသည်။
မူဆလင်များကြား လစ်ဘရယ်အတွေးအခေါ်ရှိသူများနှင့် ပညာတတ်အုပ်စုများကို ပစ်မှတ်ထားသည့် မူဝါဒနှင့် ဆတ်ကြေးကောက်သည့် ကိစ္စများကဲ့သို့ လက်ခံနိုင်ဖွယ်မရှိသည့် တောင်းဆိုမှုများကြောင့် လွန်ခဲ့သည့် နှစ်အနည်းကပင် အာဆာကို မကျေနပ်ကြကြောင်း မော်လဝီများနှင့် ကျောင်းဆရာများက ပြောကြားကြသည်။ မူဆလင်အကြမ်းဖက်အုပ်စုက အာရက္ခတပ်တော်နှင့် မူဆလင်မဟုတ်သူများကို တိုက်ခိုက်ရန် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လာသည့်အခါ သူတို့မူဆလင်အသိုင်းအဝိုင်း၏ အခြေအနေမှာ အဆိုးဆုံးအခြေအနေသို့ ပြောင်းလဲသွားသည်ဟု ခံစားရကြောင်း ဆိုသည်။ အာရက္ခတပ်တော်နှင့် သူတို့ပူးပေါင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို မေးမြန်းကြည့်သည့်အခါ ဤမူဆလင် ကျောင်းဆရာများနှင့် ဘာသာရေးခေါင်းဆောင်များက စစ်ကောင်စီအုပ်ချုပ်မှုအဆုံးသတ်နိဂုံးအပြီး မြန်မာနိုင်ငံတွင် မူဆလင်များအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကိုမျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။
“အရင်တုန်းကဆိုရင် မြန်မာအစိုးရဟာ မူဆလင်လူမျိုးတွေအပေါ် ကန့်သတ်ချက်တွေအများကြီး ချမှတ်ခဲ့တာရှိတယ်။ နိုင်ငံသားလျှောက်ထားခွင့်၊ နိုင်ငံကူးလက်မှတ်တွေ လုပ်လို့မရသလို ခရီးသွားလာခွင့်ကိုလည်း တားမြစ်ခဲ့တယ်။ အာရက္ခတပ်တော်ကတော့ လူမျိုးစုတွေအားလုံးအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးတွေရှိလာမယ်လို့ ဆိုတယ်။ ဒါကို အပြုသဘောဆောင်ပြီး အာရက္ခတပ်တော်ကို ထောက်ခံတာကလွဲရင် တခြားရွေးချယ်စရာ မရှိပါဘူး” ဟု အာဘူ ဘာဆာက ဆိုသည်။
ဘူးသီးတောင်မြို့မှ လူအားလုံး ထွက်ပြေးမသွားခဲ့
ဘူးသီးတောင်မြို့ရှိ နေထိုင်သူအများစုမှာ အာရက္ခတပ်တော်မှ သတိပေးခြင်းများ၊ ကြောက်မက်ဖွယ် ပစ်ခတ်မှုများနှင့် ဗုံးများကျရောက်ပေါက်ကွဲနိုင်ခြေရှိသည့်တိုင် နေရာပြောင်းရွေ့ရန် ငြင်းဆန်ခဲ့ကြသည်။ မြို့ထဲတွင် အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ဟိန္ဒူ-ဘင်္ဂလီများမှာ အာဆာနှင့် စစ်ကောင်စီသင်တန်းတက်ထားသည့် မူဆလင်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ကျွဲနွား၊ ဆိတ်များအပါအဝင် တန်ဖိုးရှိပစ္စည်းများအားလုံး ဖောက်ထွင်းလုယူခြင်းခံရပြီး အိမ်ပေါင်း ၄၇ အိမ်အထိ မီးရှို့ခံခဲ့ရသည်။ ထိုသို့တွေ့ကြုံရသည့်တိုင်အောင် အာရက္ခတပ်တော်က မြို့ထဲမှထွက်ခွာရန် သတိပေးထုတ်ပြန်ချက်ကို အလေးမထားခဲ့ပေ။ ကျောင်းဆရာလုပ်ခဲ့ဖူးသူ ဆူနီမိုဟန်သည် အာဆာထံတွင် အသတ်ခံရမည့်အခြေအနေမှ သီသီကလေးလွတ်မြောက်လာခဲ့သည်။
သူသည် နေရာအမျိုးမျိုးပြောင်း၍ ၆လအထိ ဆက်တိုက် ရှောင်တိမ်းပုန်းနေခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့ကပြုလုပ်ခဲသည့် အင်တာဗျူးတစ်ခုတွင် သူနှင့် သူ့လူမျိုးစုများ ဆက်နေခဲ့ရသည့် အကြောင်းရင်းကို ရှင်းပြသည်။ “ကျွန်တော်တို့မြို့ထဲကနေ ထွက်သွားရင် အိမ်တွေကို မီးရှို့ခံရမယ်၊ အားလုံးအခိုးရမယ်ဆိုတာကို နားလည်ပါတယ်။ မြို့ထဲမှာရှိကြတဲ့ တခြားလူမျိုးတွေလည်း သူတို့ဆွေမျိုးတွေရဲ့အိမ်တွေမှာ ဒါမှ မဟုတ် အဆင်ပြေနိုင်မယ့် နေရာတွေကို ပြောင်းရွေ့သွာကြတာတွေရှိပါတယ်။ ကျွန်တော်တို့မှာကျတော့ အဲလိုအကူအညီ အစီအစဥ်တွေ မရှိခဲ့ဘူး” ဟု သူက ပြောသည်။ ဟိန္ဒူ-ဘင်္ဂလီများအပြင် မြို့ထဲတွင် ကျန်နေခဲ့ကြသူများတွင် မြို့ထဲတွင်ရှိသော စစ်ဘေးရှောင်စခန်း နှစ်ခုတွင် နေထိုင်နေကြသူများပါဝင်ပြီး ယင်းအထဲက တစ်ခုတွင် မူဆလင် စစ်ဘေးရှောင် ၃၀၀ ခန့်နှင့် မူဆလင်မဟုတ်သည့် ခူမီး၊ ကမန်၊ မရာမာ နှင့် ဗုဒ္ဓဘာသာ ရက္ခိုင်လူမျိုး စစ်ဘေးရှောင် ၁၀၀ ခန့် နေထိုင်ကြသည်။ စစ်ဘေးရှောင်စခန်းနှစ်ခုစလုံးကို သုံးကီလိုမီတာခန့်ကွာဝေးသည့် စာသင်ကျောင်းများအတွင်း တည်ဆောက်ထားခြင်းဖြစ်သည်။
ပထမစစ်ရှောင်စခန်းတွင် သက်ကြီးရွယ်အိုများနှင့် ဒဏ်ရာရသူများရှိကြပြီး ယင်းအထဲမှ တချို့မှာ နေမကောင်းဖျားနာနေကြသည်။ သူတို့အတွက် ခရီးဝေးလမ်းလျှောက်ပြီး မြို့တွင်းမှတခြားနေရာသို့ ပြောင်းရွှေ့ရန် အခက်အခဲရှိသည်။ အသက် ၂၅နှစ်အရွယ် သန်းတင်လှိုင်သည် ဖေဖော်ဝါရီလ အစောပိုင်းက မြို့ပြင်တစ်နေရာတွင် မြေမြုပ်မိုင်းနင်းမိသဖြင့် ညာခြေတစ်ဖက်ဆုံးရှုံးလိုက်ရသည့် စစ်ဘေးရှောင်တစ်ဦးဖြစ်သည်။ သူ့ကိုပြုစုရန် မိဘများနှင့် ကျန်နေခဲ့ပြီး မောင်နှမငါးဦးမှာ တခြားနေရာတွင် အခြေချနေထိုင်လျှက်ရှိကြသည်။ နောက်ထပ် မူဆလင် စစ်ဘေးရှောင်စခန်းတစ်ခုတွင် မြို့တွင်းမှ ဒေသခံများနှင့် ဖုန်ညိုလိပ်ကျေးရွာမှ ရွာသားများရှိကြသည်။ တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ ဒေသခံအားလုံး တခြားနေရာများသို့ ရွှေ့ပြောင်းသွားကြပြီး လူ ၄၁ယောက်ပါသည့် လူအုပ်စုတစ်စု ဘူးသီးတောင်မြို့ရှိ စစ်ရှောင်စခန်းတစ်ခုသို့ ရောက်လာခဲ့သည်။
စစ်ဘေးရှောင်တွေ ပြန်လည်နေရာချထားရေး မကြာခင်ပြန်စမယ်
HDCO ရုံး၏အချက်အလက်များအရ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူ အရေအတွက်မှာ အာရက္ခဒေသရှိ တခြားမြို့နယ်များအရေအတွက်နှင့်စာလျှင် ဘူးသီးတောင်မြို့စစ်ဘေးရှောင်စာရင်းက ထိပ်ဆုံးတွင်ရှိသည်။ မေလအတွင်း ဘူးသီးတောင်မြို့တွင် အမျိုးသမီးဦးရေ ၈၅၆၃၅ ဦးအပါအဝင် စစ်ဘေးရှောင် ၁၄၂,၃၇၉ ဦးအထိရှိခဲ့သည်။ ဤစာရင်းတွင် ရက္ခိုင်ပြည်နှင့် ချင်းပြည်တောင်ပိုင်းအတွင်း စစ်ပွဲမစတင်မီ နှင့် မိုခါဆိုင်ကလုန်းကြောင့် နေရပ်ရွှေ့ပြောင်းခဲ့ရသူများအပြင် မြို့တွင်းမှ နေရပ်ပြောင်းရွှေ့နေကြရသူ ဒေသခံများလည်း ပါဝင်သည်။ မေလအထိ အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် မြို့နယ် ၁၆ မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်းမှာ ၅၇၂,၃၀၀ အထိရှိသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းရွှေမှာ ရခိုင်ပြည်နယ် လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်ပြီး ပဋိပက္ခကြောင့် ထိခိုက်ခဲရေသော ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် တခြားနေရာဒေသများတွင်ရှိသော စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် အစီအစဥ်များ ဆွေးနွေးရာတွင် သူ့ဒေသ၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နှင့် အာရက္ခတပ်တော်မှ ဌာနဆိုင်ရာများနှင့် အစည်းအဝေးများတွင် တောက်လျှောက်ပါဝင်ခဲ့သူလည်းဖြစ်သည်။
“ဘူးသီးတောင်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေရာပြန်လည်ချထားရေးအစီအစဥ်တွေ မကြာခင်မှာ စလုပ်ပါမယ်။ နေရပ်စွန့်ခွာရသူတွေကို သူတို့နေအိမ်ကိုပြန်ရဖို့ ခွင့်မပြုသေးခင် အစအဆုံး လုပ်ဆောင်ရမယ့် အတိုင်းအတာတွေကို လုပ်ရတဲ့ကိစ္စက အရမ်းကို ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်” ဟု သူကဆိုသည်။ “ပထမဆုံး စစ်ဘေးရှောင်တွေနေရာချထားဖို့ အရင်းအမြစ်တွေ လိုအပ်ပါတယ်။ စစ်ဘေးရှောင်အများစုမှာ အိမ်တွေ၊ အဆောက်အဦးတွေ မရှိကြတော့ပါဘူး။ ကျွန်တော်တို့ သူတို့အတွက်လိုအပ်တဲ့ အကူအညီတွေကို ပေးအပ်သွားမှာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေ ရှာဖွေတောင်းခံသွားမှာ ဖြစ်ပါတယ်။” “ဒုတိယအနေနဲ့ကတော့ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းပြီး လုံခြုံရေးကိစ္စတွေ၊ ပြန်လည်နေရာချထားတာကို စောင့်ကြည့်တာတွေ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ လက်တွဲပူးပေါင်းလုပ်ဆောင်တာတွေကို လုပ်ဖို့ စီစဥ်သွားပါမယ်။” ဦးအောင်သောင်းရွှေက ဤကိစ္စများကို အောင်မြင်အောင် ဆောင်ရွက်ရန် ရံပုံငွေအကူအညီများနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်းပြောသည်။
ပြန်လည်နေရာချထားရေးအတွက် အခြေခံစည်းမျဥ်းများတွင် နောင်တွင်ကျင့်သုံးလာမည့် မျှော်မှန်းချက်များပါဝင်အောင် ထည့်သွင်းရေးဆွဲထားသည် ဟု သူကရှင်းပြသည်။ လူမှုအသိုင်းအဝိုင်းအားလုံးကို ကိုယ်စားပြုသည့် အဖွဲ့ဝင်များနှင့်အတူ မြို့တွင်းအပါအဝင် မြို့နယ်တစ်ခုလုံးအတွက် သီးခြားကော်မီတီများဖွဲ့ထားသည်ဟု ဆိုသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများခံရနိုင်ဖွယ်ရှိသည့် “ပဋိပက္ခဖြစ်နေသည့် ဒေသများတွင်” ပြန်လည်နေရာချထားခြင်းကိစ္စမှာ နှောင့်နှေးနိုင်သည် ဟု ဦးအောင်သောင်းရွှေက ပြောပြသည်။
စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များထံတွင် ဆုံးရှုံးထားရသည့် နယ်မြေများတွင် ပြန်လည်ခြေကုပ်ယူနိုင်ရန် ပဋိပက္ခဖြစ်နေသည့် နေရာများကို တိုက်ခိုက်မှုများ လုပ်ဆောင်တတ်သည့် အထောက်အထားရှိသဖြင့် လူဦးရေများပြားသော မြို့ကြီး၊ မြို့ငယ် မည်သည့်ဒေသမဆို စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ရှိနိုင်သည်။ ဘူးသီးတောင်မြို့သည် မြို့နယ်အတွင်းရှိတခြားသော နေရာများနှင့် နှိုင်းယှဥ်ပါက ဒေသဦးရေအမြောက်အမြားရှိပြီး ထိုသို့ရှိနေခြင်းက လက်စားချေတုန့်ပြန်ရန် လွယ်ကူသော ပစ်မှတ်ဖြစ်လာနိုင်သည်။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ဘူးသီးတောင်မြို့တွင် ပြန်လည်နေရာချထားရန် အချိန်ကာလကို တိတိကျကျမသတ်မှတ်ရေသေးပေ။ ထို့ကြောင့် စစ်ဘေးရှောင်များအားလုံး မိမိနေရပ်ကိုပြန်ခွင့်မပြုမီ နှင့် သူတို့၏ ဘဝပြန်လည်တည်ထောင်နိုင်ရန် ရှည်လျှားခက်ခဲသည့် လုပ်ငန်းစဥ်ကို စတင်ဆောင်ရွက်ရန် အချိန်ကြန့်ကြာနိုင်ပါသည်။
မူရင်းဆောင်းပါး- https://thediplomat.com/2024/10/investigation-what-happened-at-buthidaung-town-in-myanmars-rakhine-state/?s=35