သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည် အငတ်ဘေးစတင်ဆိုက်ကပ်လာ

အောက်တိုဘာ၊ ၂၀၂၄

အာရက္ခဒေသသည် ယခင်ကမကြုံဖူးခဲ့သည့် အကျပ်အတည်း ချောက်ကမ်းပါးကို ကျလုဆဲဆဲဖြစ်နေသည်။  ရက္ခိုင်ပြည်တွင်း ဆက်နွယ်နေသည့် ဖွံ့ဖြိုးမှုများတစ်သီတတန်းတို့ကြောင့် အလွန်ဆိုးဝါးသည့် ကပ်ဘေးကြီးတစ်ခု ရက္ခိုင်ပြည်သို့ ကျရောက်မည့် အနေအထားတွင်ရှိနေသည်။ နိုင်ငံတကာနှင့် ပြည်တွင်းနယ်စပ်များမှ အာရက္ခဒေသသို့ ဝင်ရောက်လာသည့် ကုန်စည်များကန့်သတ်ခံရခြင်း၊ ဝင်ငွေမရှိခြင်း၊ အဆမတန်ငွေကြေးဖောင်းပွခြင်း၊ ပြည်တွင်းထုတ်ကုန် အစားအသောက်များ ထုတ်လုပ်မှု သိသိသာသာနည်းပါခြင်း၊ မရှိမဖြစ်အရေးပါသော ဝန်ဆောင်မှုများ မရှိခြင်း၊ လူမှုပတ်ဝန်းကျင် လုံခြုံမှုမရှိခြင်းတို့နှင့် အတူ ယခင်ကတည်းက ဒုက္ခမျိုးစုံကြောင့် မရုန်းနိုင်ဖြစ်နေကြသည့်လူထုထံကို လာမည့်လများအတွင်း ထိုဘေးအပေါင်း စုံပြုံကျရောက်လာမည့် အနေအထားတွင်ရှိနေသည်။

ကုန်သွယ်ရေး၊ စိုက်ပျိုးရေး နှင့် မပြီးမပြတ် ရပ်တန့်ထားရသည့် ဆောက်လုပ်ရေးများကဲ့သို့ အလွန်အရေးပါသည့် ကဏ္ဍများနှင့်အတူ အာရက္ခဒေသ စီးပွားရေး လုံးဝရပ်တန့်သွားပြီဖြစ်သည်။ ဤအချက်ကို ကုလသမဂ္ဂအဖွဲ့အစည်းလည်ပတ်မှုများမှ ပုံမှန်ရရှိသည့် အချက်အလက်များအပြင် တိုက်ရိုက်အချက်အလက် ကောက်ခံခြင်း၊ တာဝန်ရှိသူများနှင့် အင်တာဗျူးများ၊ အရပ်ဘက်အဖွဲ့အစည်းများ ကောက်ခံခဲ့သည့် စစ်တမ်းများပါဝင်သည့် ၂၀၂၃ ၊ ၂၀၂၄ ခုနှစ်၊ အာရက္ခဒေသတွင် UNDP မှ ကောက်ယူရရှိခဲ့သော အချက်အလက်များအပေါ် အခြေခံထားသည်။

ပိတ်ပင်တားဆီးမှုများကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာစျေးကွက်များကို လုံးဝလက်လှမ်းမမီနိုင်တော့သည့်အပြင်  ပြည်ပသို့ ကုန်စည်တင်ပို့ခြင်း၊ စိုက်ပျိုးရေးတို့ကိုအခြေခံကာ အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ပျောက်ကွယ်လာသောကြောင့်  အာရက္ခဒေသရှိ ပြည်သူများ ဝင်ငွေလုံးဝမရှိဖြစ်နေကြသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများမှ ဘိလပ်မြေများ တင်ပို့ခြင်းရပ်တန့်သွားသောကြောင့် အဓိက အလုပ်အကိုင်ရရှိစေသည့် ဆောက်လုပ်ရေး ကဏ္ဍမှာလည်း ပိတ်သွားခဲ့ရပြီး အရေးပါသည့် ကုန်ချောများအတွက် စျေးအဆမတန်ကြီးမားသွားစေသည်။

အာရက္ခဒေသသည် ဆိုးဝါးသည့် အငတ်ဘေးကို များမကြာမီ ကာလတွင် ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။ ပြည်တွင်းအစားအသောက်ထုတ်ကုန်များမှာ ၂၀၂၅ ခုနှစ်၊ မတ်လ-ဧပြီလအထိ ပြည်တွင်းလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းလောက်ကိုသာ ဖြည့်စွမ်းပေးနိုင်မည်ဟု ခန့်မှန်းမှုများက ညွှန်ပြနေသည်။ ပဋိပက္ခအရှိန်တိုးလာခြင်း၊ အိုးအိမ်စွန့်ခွာနေရသူများ အရေအတွက် သိသိသာသာတိုးလာခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးများ မလုပ်နိုင်ခြင်း၊ ဆိုးရွားသည့် သဘာဝရာသီဥတု အခြေအနေများ၊  မျိုးစပါး၊ ဓာတ်မြေသြဇာတို့ မရရှိနိုင်ခြင်းကြောင့် ပြည်တွင်း ဆန်စပါးထုတ်လုပ်မှုမှာလည်း လုံးဝထိုးကျလျက်ရှိသည်။ ပြည်တွင်းပြည်ပ ကုန်သွယ်ရေးလုပ်ငန်းများ လုံးဝနီးပါးရပ်တန့်နေခြင်းကြောင့် ဤအခြင်းအရာမှာ လူဦးရေ ၂ သန်းကျော်ကို အငတ်ဘေးသို့ ကျရောက်စေမည်ဖြစ်သည်။

မြန်မာပြည်လွပ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခုနှစ်ကပင် ရက္ခိုင်ပြည်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး (သို့) ဒုတိယအဆင်းရဲဆုံးဒေသတစ်ခုဖြစ်ခဲ့သည်။ ဗဟိုအစိုးရ၏ စီမံလည်ပတ်ဆောင်ရွက်ခြင်းများ မရှိသဖြင့် တန်းတူညီမျှမှုမရှိခြင်းနှင့် ဆင်းရဲမွဲတေမှုတို့က နဂိုကတည်းက လူမှုသဟဇာတ ပြိုကွဲနေသည့်ဒေသကို ပိုမိုဆိုးရွားစေပါလိမ့်မည်။ လွန်ခဲ့သည့် ၂ နှစ်တာကာလတွင်  ရက္ခိုင်ပြည်တွင်းရှိ လူမှုအသိုင်းအဝိုင်း အချင်းချင်းဆက်ဆံရေးမှာ ရက္ခိုင်ပြည်တွင်းအတိုင်းအတာဖြင့် တိုးတက်မှုလက္ခဏာများရှိခဲ့သည်ကို ပြသနေသည်။

သို့ရာတွင် စီးပွားရေးပျက်ကပ်နှင့်အတူ များမကြာမီက လူမျိုးအချင်းချင်းကြား တင်းမာမှုမြင့်တက်ခဲ့ခြင်းကလည်း ခွဲခြားဆက်ဆံမှုများ၊ ရသင့်ရထိုက်သည့် အခွင့်အရေးများ မပေးခြင်းတို့ကို ပို၍ဖြစ်ပေါ်လာစေနိုင်ပြီး နောက်ဆုံးတွင် ယခင်ကထက် လူမှုအသိုင်းအဝိုင်းအချင်းချင်းကြား ဆက်ဆံရေးကို ပိုမိုဆိုးရွားစေပါလိမ့်မည်။ အကျပ်အတည်းများ ပိုမိုဆိုးရွားလာသည်နှင့်အမျှ အခွင့်အလမ်းနှင့် အရင်းအမြစ်များ ကင်းမဲ့ခြင်းက ဖိအားတိုးလာစေမည့်အပြင် လူငယ်များ၊ မိသားစုများကိုလည်း ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာခြင်းတို့နှင့် (ဥပမာ – အထောက်အထားမဲ့ ခရီးသွားခြင်း၊ ရက္ခိုင်ပြည်တွင်း (သို့) ရက္ခိုင်ပြည်အပြင်ဘက်ကို သွားလာရန် စစ်ကောင်စီ၏ ခွင့်ပြုချက်မရရှိခြင်း ) ယခင်ထက်ပို၍ နေရာရွှေ့ပြောင်းသွားလာခြင်းများ ဖြစ်ပေါ်လာစေမည်။ ဤအခြေအနေများမှာ ယခင်ကပင် သိသိသာသာ ရှိနေခဲ့ပြီးဖြစ်သော မြန်မာပြည်တွင်းနှင့် နယ်စပ်အလွန်တွင်လည်း နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာနိုင်သည်။ ထွက်ပြေးရန် လုံခြုံသည့်နေရာမရှိသဖြင့် အထူးသဖြင့် ဒုက္ခများနေကြရသည့် မူဆလင်များကြားတွင် လူကုန်ကူးခြင်းများကို တိုးမြင့်လာစေမည်ဖြစ်သည်။ ဤမျှဆိုးရွားနေသော အခြေအနေများအောက်တွင် ၁ သန်းကျော်သော မူဆလင်များကို နေရပ်ပြန်ပို့ရေး ကိစ္စမှာလည်း စိတ်ကူးကြည့်၍ပင် မရပေ။

လက်ရှိ ကုန်စည်စီးဆင်းခြင်းကို တားမြစ်ကန့်သတ်ခြင်းများသည် ရက္ခိုင်ပြည်ကို တခြားနေရာဒေသများနှင့် အဆက်အသွယ်ပြတ်ကာ သီးခြားဖြစ်သွားစေနိုင်ပြီး နဂိုကတည်းက ဒုက္ခရောက်နေသည့် လူထုအပေါ် ဆင်းရဲဒုက္ခများ ပိုမို ကျရောက်စေပါလိမ့်မည်။ ပဋိပက္ခများ ဆက်လက်မြင့်တက်နေခြင်းနှင့်အတူ ဤအခြေအနေမှာ ဒေသတွင်းရှိ တခြားနိုင်ငံများအတွက် ပြင်းထန်သည့် စိန်ခေါ်မှုများ ကျရောက်စေနိုင်ပါမည်။  အထူးသဖြင့် အိမ်နီးချင်နိုင်ငံများ၊ အရေးပါအခရာကျသည့် အဖွဲ့အစည်းလူပုဂ္ဂိုလ်များသည် နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းများနှင့်စပ်လျဥ်း၍ မူဝါဒများနှင့် ဆောင်ရွက်ချက်များကို ညှိနှိုင်းဆောင်ရွက်ရန် ထည့်သွင်းစဥ်းစားသင့်ပြီး ဤကိစ္စရပ်များတွင် ကုန်သွယ်ရေးနှင့် အထောက်အပံ့များအတွက် နယ်စပ်များကို ဖွင့်ပေးခြင်းတို့ ပါဝင်သည်။

ဤကိစ္စကို အရေးပါ်မဖြေရှင်းပါက လူဦးရေ ၉၅ ရာခိုင်နှုန်းမှာ လုံခြုံမှုကင်းမဲ့ခြင်း၊ အလုပ်အကိုင်မရှိခြင်း၊ ကုန်စျေးနှုန်းခေါင်ခိုက်ခြင်း၊ ပြည်တွင်းထုတ်ကုန်များ ဆက်တိုက်လျော့ကျနေခြင်းတို့ကြားက မသေရုံတမည် ရပ်တည်ရန် ကြိုးစားနေထိုင်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားပါလိမ့်မည်။  ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ပင်ခြင်း၊ အထောက်အပံအကူအညီများကို တင်းကျပ်စွာ ကန့်သတ်ခြင်းတို့ကြောင့်  အာရက္ခဒေသသည် လူသားတို့၏ ဆိုးရွားသည့် ဒုက္ခများနှင့် ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ်ဖြတ်ခံရလိုက်ရသည့် ဒေသတစ်ခုဖြစ်လာရန် အန္တရာယ်ကျရောက်နေပြီဖြစ်သည်။

အောက်ပါအရေးပေါ်ကိစ္စရပ်များကို ဖြေရှင်းရန်လိုအပ်ပါသည်။

  • ကုန်စည်များကို ရက္ခိုင်ပြည်သို့ ဝင်ရောက်ခွင့်ပြုရမည်။
  • မြန်မာနိုင်ငံအတွင်း လက်ရှိချမှတ်ထားသည့် ကန့်သတ်ချက်အားလုံးကို ဖြေလျှော့ပေးသင့်ပြီး တာဝန်ရှိသူများက ရက္ခိုင်ပြည်သို့ ကုန်စည်များ ဝင်ထွက်ခွင့်ရှိအောင် လုပ်ဆောင်ပေးရပါမည်။ ထို့အပြင် ရက္ခိုင်နှင့် တိုက်ရိုက်စီးပွားရေးလမ်းကြောင်းများအတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဂိတ်ကို ဖွင့်ပေးခြင်းသည် ဒေသတွင်းစျေးကွက်များသို့ အရေးပေါ်ပစ္စည်းများများ ဖြည့်တင်းနိုင်မည်ဖြစ်သည်။ အလားတူပင် ရက္ခိုင်ပြည်အလယ်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများအတွက်လိုအပ်သည်များကို ထောက်ပံ့ကူညီနိုင်မည့် မျိုးစပါးနှင့် လောင်စာဆီတို့ကဲ့သို့ ပစ္စည်းများကို  အိန္ဒိယနယ်စပ်မှလည်း သွင်းခွင့်ရှိရပါမည်။
  • အရေးပေါ်လိုအပ်ချက်များကို ဖြည့်တင်းရန် ထောက်ပံ့ကူညီမှုများနှင့် အခရာကျသော သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ဖြစ်လာစေရန် ပဋိပက္ခနှင့်ဆိုင်သည့် မည်သည့်အဖွဲ့အစည်းမဆို ကြားဝင်နှောင့်ယှက်ခြင်းမရှိဘဲ ထောက်ပံ့ကူညီပေးရပါမည်။
  • အဖွဲ့အစည်းများအားလုံးမှလည်း ထောက်ပံကူညီသည့် ပုဂ္ဂိုလ်များအတွက် လမ်းကြောင်းများကို ပိတ်ပင်ကန့်သတ်မထားပဲ လုံခြုံမှုပေးနိုင်ရပါမည်။ 
  • အသက်ရှင်သန်ရပ်တည်နိုင်ရေးကို အထောက်အကူပြုမည့် လုံလောက်သော ငွေကြေးအရင်းအမြစ်များနှင့် ပြန်လည်တည်ထောင်ရေး လိုအပ်ချက်ကို အရေးတကြီး အရှိန်မြှင့်ကူညီနိုင်ရန် လိုအပ်ပြီး အရေးပေါ် ရှင်သန်ရပ်တည်ရန် လိုအပ်ချက်ထက် ပို၍များပြားသည့် အတိုင်းအတာဖြင့် စီမံထားရန်လိုအပ်ပါသည်။

အောက်ပါအကြောင်းအရာများသည် ဖော်ပြပါ ကျိုးကြောင်းဆီလျော်ပြီး ရရှိသည့်အချက်အလက်များ ကို သုံးသပ်ဖြည့်စွက်တင်ပြခြင်းဖြစ်သည်။

၁။ အလွန်အထိနာခဲ့ရသည့် စိုက်ပျိုးရေး ကဏ္ဍ

၁၀၂၇ စစ်ဆင်ရေး၊ အာရက္ခဒေသတွင် ချဲ့ထွင်လာခဲ့သည့် ၂၀၂၃ နိုဝင်ဘာလကပင် ရက္ခိုင်ပြည်တွင် အစားအသောက် ရှားပါးပြတ်လတ်မှု စိုးရိမ်ဖွယ်ရာ မြင့်တက်လာခဲ့ပြီး ဤကိစ္စကို မဖြေရှင်းပါက ၂၀၂၅ အလယ်ပိုင်းတွင် အစားအသောက်ပြတ်လတ်ကာ အငတ်ဘေးဆိုက်နိုင်သည့် အခြေအနေသို့ ဦးတည်သွားနိုင်သည်။ ဤပျက်စီးခြင်းကို ဖြစ်အောင် တွန်းပို့နေသည့် အချက်များမှာ ငါးဖမ်းလုပ်ငန်းများ ကန့်သတ်ခံရခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံရခြင်း (ပုံ ၂)၊ ၂၀၂၄ တွင် ဆန်စပါးစိုက်ပျိုးမှု သိသိသာသာ လျော့နည်းခြင်းစသည့် အချက်များကြောင့်ဖြစ်သည်။

 ဤအကြောင်းအရင်းများသည် ရက္ခိုင်ပြည်သူလူထုအဓိကအစားအစာဖြစ်သည့် အထူးသဖြင့် ဆန်စျေး၊ အစားအသောက်စျေးနှုန်း များကို မငြိမ်မသက်ဖြစ်စေသည်။ ကောက်ယူရရှိထားသည့် အချက်အလက်၊ အစီရင်ခံစာများအပေါ်မူတည်၍ အစားအသောက် ဝယ်ယူရရှိနိုင်ခြင်းနှင့် ဝယ်ယူရန်တတ်နိုင်ခြင်း တို့သည်လည်း လုံးဝ အားနည်းသွားပြီဖြစ်သည်။

ဤတင်ပြချက်သည် စိုးရိမ်ဖွယ်ရာ အဖြစ်အပျက်များအပေါ် အခြေခံကာ တင်ပြထားခြင်းဖြစ်ပါသည်။

  • ဆန်တန်ချိန်ပေါင်း ၉၇,၀၀၀ ခန့်သာ ရက္ခိုင်ပြည်တွင်း ထုတ်လုပ်နိုင်လိမ့်မည်ဟု ၂၀၂၄ ခုနှစ် ကုန်းတွင်း စိုက်ပျိုးမှု ပုံစံများက ညွှန်ပြနေသည်။ ရက္ခိုင်ပြည်လူဦးရေ အစားအသောက် လိုအပ်ချက်၏ ၂၀ရာခိုင်နှုန်းခန့်ကိုသာ လုံလောက်မည်ဖြစ်သဖြင့် ၂၀၂၄ ခုနှစ် တွင် ထုတ်လုပ်ခဲ့သည့် ပမာဏမှာလည်း လုံးဝ မလုံလောက်ဖြစ်နေသည်။
  • ရက္ခိုင်ပြည်တွင် လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်ကို ဖုံလုံစေသော ဆန်စပါး တန်ချိန် ၂၈၂,၀၀၀ တန်ကို ထုတ်လုပ်နိုင်ခဲ့သည့် ၂၀၂၃ အချက်အလက်များနှင့် အထက်ဖော်ပြပါ အကြောင်းအရာကို နှိုင်းယှဥ်ကြည့်သင့်သည်။ ၂၀၂၃ နိုဝင်ဘာလ အစောပိုင်းကပင် ချမှတ်ထားသော ပိတ်ဆို့မှုများကြောင့် ဒုက္ခကြုံနေရပြီးဖြစ်သော နိုင်ငံ၏ တခြားနေရာဒေသများမှ ကုန်ပစ္စည်းများဖြင့်သာ ကျန်သော ၄၀ ရာခိုင်နှုန်းအတွက် ဖုံလုံစေခဲ့သည်။ ဤအခြေအနေကြောင့် UNDP ၏ People’s Pulse 2023 အစီရင်ခံစာအပါအဝင် အမျိုးမျိုးသော စစ်တမ်းများတွင် ဖော်ပြသည့်အတိုင်း အစားအစာ စားသုံးမှုတွင် သိသိသာသာ လျော့ကျခြင်းကို ဖြစ်လာစေသည်။
  • ဤပြတ်လတ်မှုကို ဖြည့်တင်းရန်အတွက် အစားအစာ ဖုံလုံစေရန် လိုအပ်သည့် ပမာဏမှာ လာမည့် ပထမ ၆ လအတွက် စပါးတန်ချိန် ၁၈၆,၀၀၀ တန် သို့မဟုတ် တစ်နှစ်စာအတွက် ၂၀၂၅ ခုနှစ်တွင် စပါးတန်ချိန် ၃၇၂,၀၀၀ နှင့် ညီမျှသည်။ ဤပြတ်လပ်မှုကို ရက္ခိုင်ပြည်ပြင်ပမှ ပစ္စည်းများဖြင့် ဖြည့်တင်းရန်လိုအပ်ပါသည်။ သို့ရာတွင် ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးလမ်းကြောင်းများမှာ အကြီးအကျယ်ပိတ်ပင်တားမြစ်ခြင်း ခံထားရသည်။ ရက္ခိုင်ပြည်ရှိ အစားအသောက် ထောက်ပံ့ကူညီမှုများလည်း ကုန်စည်ဝင်ရောက်ခြင်း ကန့်သတ်ခံထားရခြင်း နှင့်အတူ ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းများလည်း ပိတ်ပင်ခံထားရသဖြင့် ဤမျှကြီးမားသော ပြတ်လပ်မှုကွာဟချက်ကို ဖြည့်တင်းနိုင်မည် မဟုတ်ဟု ယူဆရသည်။

၂။ ကုန်စျေးနှုန်းများ

ပုံ ၂ တွင်ပြထားသည့်အတိုင်း ရက္ခိုင်ပြည်အတွင်းသို့ မရှိမဖြစ်သည့် ကုန်ပစ္စည်းများဝင်လာသော ကုန်သွယ်မှုလမ်းကြောင်း အရေအတွက်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအလွန်တွင် ၂ ခုတည်းသာကျန်တော့သည်။ ယခင်က ၈ ခုမှ ၁၀ ခုအထိရှိခဲ့ပြီး လက်ရှိတွင် ထိုလမ်းကြောင်းများ အပိတ်ခံထားရသဖြင့် ရုတ်တရက် ဆန်စပါး၊ လောင်စာဆီနှင့် တခြားအရေးကြီးသည့် ပစ္စည်းများပြတ်လတ်မှုဖြစ်ကာ အကျိုးဆက်အနေဖြင့် ကုန်စျေးနှုန်းအဆမတန်ကြီးမားခြင်းကို ဖြစ်လာစေနိုင်သည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရက္ခိုင်ပြည်တွင် တရားဝင်ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းများ အပိတ်ခံလိုက်ရသဖြင့် မရှိမဖြစ် ကုန်ပစ္စည်းများ၏ စျေနှုန်းများ အဆမတန်တက်လာခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဆန်စပါး အမြင့်ဆုံးစျေးနှုန်းများကို စောင့်ကြည့်သည့်အခါ မောင်တော (၉၄၄%)၊ တောင်ကုတ် (၄၈၇%)၊ စစ်တွေ (၄၀၄%)၊ မြေပုံ (၄၁၁%) အသီးသီးရှိကြောင်းတွေ့ရသည်။ ရက္ခိုင်ပြည်ပြင်ပမှ တင်သွင်းသည့် စားအုန်းဆီ စျေးနှုန်းမှာလည်း ၂၀၂၁၊ ဇန်နဝါရီလအတွင်းက စျေနှုန်းနှင့် ယှဥ်ပါက ၆၈၇ % အထိ မြင့်တက်လာခဲ့သည်။ ဧရာဝတီနှင့် ကပ်လျှက်တည်ရှိသော ဂွမြို့တွင်လည်း စျေးနှုန်း ၄၂၅%အထိတိုးမြင့်ခြင်းကို တွေ့ကြုံခံစားခဲ့ရပြီး မြောက်ဦးနှင့် တောင်ကုတ်မြို့များတွင် ဟင်းချက်ဆီ စျေးနှုန်းမှာ ၉၇၅% နှင့် ၉၈၀% တို့အသီးသီးထိ တက်ခဲ့ကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေး ကုန်ကျငွေစျေးနှုန်းမှာလည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ နှင့် နှိုင်းယှဥ်ပါက ၅၂၃% အထိတက်လာခဲ့သည်။ ထိုကာလများအတွင်း သယ်ယူပို့ဆောင်ရေး အမြင့်ဆုံးစရိတ်မှာ မောင်တော ၈၁၇ %၊ မြေပုံ (၆၁၁%)၊ နှင့် တောင်ကုတ် (၅၈၁%) အထိ အသီးသီးရှိကြသည်။ သယ်ယူပို့ဆောင်ရေးစရိတ်စခ တိုးလာခြင်းသည် လုံခြုံရေးဆိုင်ရာ အန္တရာယ်များအပြင် သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရသည့် လောင်စာဆီစျေးနှုန်းတိုးမြင့်ခြင်းကြောင့် ဖြစ်သည်။

၃။ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု ပမာဏ လျော့ကျခြင်း

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ကြား နှစ်နိုင်ငံသဘောတူကုန်သွယ်မှုကို အစိုင်အလာအားဖြင့် မူလက ရက္ခိုင်နယ်နမိတ်မှတဆင့် ဆောင်ရွက်ခဲ့ကြသည်။ သို့ရာတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကုန်သွယ်မှုအများစုကို နေပြည်တော်မှတဆင့်သာ ဆောင်ရွက်ရမည်ဟု သတ်မှတ်လိုက်သဖြင့် ကုန်သွယ်မှုပုံစံပြောင်းလဲသွားခဲ့သည်။  ဘင်္ဂလားဒေရှ်နှင့် မြန်မာနိုင်ငံကြား လစဥ်ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း၂၀ နီးပါးရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် အဓိကအားဖြင့် အာလူး၊ ဘိလပ်မြေ၊ အဝတ်အစား၊ အဝတ်အထည်အဟောင်း၊ အချိုရည်၊ ဘိစကွက်၊ ရှည့် နှင့် ငါးတို့ကို မြန်မာနိုင်ငံသို့ တင်ပို့ပြီး ငါးခြောက်၊ ရေခဲရိုက်ငါး၊ ချင်းစိမ်း၊ ကြက်သွန်၊ မြန်မာ့ကျွန်းသစ်၊ ဂါဂျန်သစ်၊ ဆီးသီးခြောက်၊ ငရုတ်သီး နှင့် အုန်းသီးတို့ကို မြန်မာနိုင်ငံမှ တင်သွင်းသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံစလုံးတွင် စီးပွားရေးဆုံးရှုံးမှု သိသိသာသာြဖစ်စေသော ရက္ခိုင်ပြည်တွင်း ပဋိပက္ခတိုးမြင့်လာခြင်းနှင့် တိုက်ရိုက်ဆက်နွယ်သည့် နှစ်နိုင်ငံကြားကုန်သွယ်မှုတန်ဖိုးမှာ လစဥ် အမေရိကန်ဒေါ်လာ ၇ သန်းမျှအထိ ထိုးဆင်းသွားသည်။ ရက္ခိုင်ပြည်သူလူထုအတွက် ဤအခြေအနေက ရှေ့တွင်ဖော်ပြခဲ့သည့် ကုန်စျေးနှုန်းအဆမတန် ကြီးမားခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ တင်ပို့ခြင်းမှ  သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၏ သိသိသာသာဆုံးရှုံးမှုကို ဖြစ်စေသည်။

စစ်ကောင်စီအာဏာရယူပြီး နောက်ပိုင်းနှစ်များနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာအထိ ချက်ချင်း ရက္ခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်သို့ ကုန်သွယ်ခြင်းကို ရန်ကုန်မှတဆင့်ဆောင်ရွက်ရန် စစ်ကောင်စီအရာရှိများမှ အားပေးအားမြှောက်ပြုခဲ့ကြသည်။ ဒေသခံ ရက္ခိုင်လူမျိုးစစ်ကောင်စီ အမှုထမ်းများသည် နယ်စပ်ဒေသများမှ စစ်တွေနှင့် မောင်တောသို့ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် ကုန်သွယ်မှုများကို လျော့ချခဲ့ကြသည်။

ရက္ခိုင်ပြည်သည် မြေဆီမြေသြဇာ ကောင်းမွန်ပြီး ရေနံ၊ ဂတ်စ်စသည့် သဘာဝအရင်းမြစ်များ အများအပြားရှိသည့် ဒေသဖြစ်သည်။ ရက္ခိုင်ပြည်၏ ပထဝီဆိုင်ရာ အရေးပါမှုကို ကုလားတန် ဘက်စုံစီမံကိန်း နှင့် တရုတ်ပိုးလမ်းမကြီးစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တို့ဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့၏ အကျိုးစီးပွားများဖြင့် အားဖြည့်ထားသည်။ ဤအရင်းအမြစ်များ ကြွယ်ဝမှုနှင့် ရင်းနှီးမြုပ်နှံမှုများကို ရက္ခိုင်ပြည်သူလူထုအကျိုးအတွက် အသုံးမချနိုင်တော့ပေ။

၄ ဆောက်လုပ်ရေး ကဏ္ဍထိခိုက်ခြင်း

အထူးသဖြင့် ကျေးလက်နေ လူအများစုအတွက် အလုပ်အကိုင်ပေးသည့် ရက္ခိုင်ဒေသ ဆောက်လုပ်ရေး ကဏ္ဍမှာလည်း ပဋိပက္ခများနှင့် ပိတ်ဆို့ကန့်သတ်မှုများကြောင့် ဆိုးရွားစွာ ထိခိုက်ခဲ့သည်။ ဆောက်လုပ်ရေးကဏ္ဍမှာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၀ ပြုပြင်ပြောင်းလဲရေး စတင်ပြီးနောက် သိသိသာသာ တိုးတက်မှုရှိကြောင်း တွေ့ရသည်။ ဆောက်လုပ်ရေးကဏ္ဍမှ ဝင်ငွေများကို မှီခိုနေရသည့် ကျွမ်းကျင်လုပ်သားများ၊ သာမန်လုပ်သားများအပါအဝင် ရက္ခိုင်ပြည်ရှိ အိမ်ထောင်စု ၁၀ ရာခိုင်နှုန်းခန့်ကို အလုပ်အကိုင်ပေးနိုင်ခဲ့သည်။ လတ်တလော ပဋိပက္ခများမတိုင်မီ အသေးစားဆောက်လုပ်ရေး လုပ်ငန်းများတောင် နေ့စားနှင့် လခစားများအပါအဝင် လုပ်သား ၁၀၀ ခန့်ကို အလုပ်ခန့်နိုင်ခဲ့ပြီး ထိုဝင်ငွေများဖြင့် မိသားစုဝင် ၅၀၀ ခန့်ကို ထောက်ပံ့နိုင်သည်။ သို့ရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဆောက်လုပ်ရေး လုပ်ငန်းအများစု ရပ်တန့်သွားခဲ့သည်။

ဆောက်လုပ်ရေး ကဏ္ဍတွင် ကျွမ်းကျင်လုပ်သား လေးပုံတစ်ပုံမှာ ရက္ခိုင်ပြည်ပြင်ပက လာသူများဖြစ်သည်။ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် လူမျိုးရေးဆိုင်ရာ တင်းမာမှုများက ရန်ကုန်နှင့် တခြားဒေသများမှ လာရောက်ကြသည့် ကျွမ်းကျင်လုပ်သား ပြတ်လတ်မှုကို ဖြစ်စေသည်။ လုံခြုံရေးကြောင့် အလုပ်သမားအများစု ထွက်ပြေးသွားခြင်းကြောင့် လုပ်သားပြတ်လပ်မှုကို ပိုမိုဆိုးဝါးသွားစေသည်။ ကျွမ်းကျင်လုပ်သားပြတ်လပ်ခြင်းက ဆောက်လုပ်ရေး လုပ်ငန်းများ မလည်ပတ်နိုင်အောင် ဖြစ်သွားစေခဲ့သည်။

ထို့အပြင် (ဘင်္ဂလားဒေ့ရှ်မှ အများစုတင်ပို့သည့်) ဘိလပ်မြေ၊ သံ နှင့် စတီးကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၏ စျေးနှုန်းမှာလည်း တိုက်ပွဲများပြင်းထန်လာပြီးနောက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပိတ်ဆို့ခြင်းများကြောင့် စျေးနှုန်းတဟုန်ထိုးတက်လာခဲ့သည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကပင် ဘိလပ်မြေတစ်အိတ်၏ စျေးနှုန်းမှာ မြန်မာကျပ်ငွေ ၁၂,၀၀၀ မှ ၁၄၀,၀၀၀ ကျပ်အထိတက်သွားခဲ့ပြီး သံတစ်တန်မှာ ၁၆-၁၇ သိန်းမှ သိန်း ၃ ဆယ်ကျော်အထိ တက်သွားခဲ့သည်။ ဤကဲ့သို့စျေးနှုန်းကြီးမားခြင်းက ဆောက်လုပ်ရေးကဏ္ဍတွင် စျေးနှုန်းသတ်မှတ်ပြီးသား ကန်ထရိုက်များကို မရပ်တည်နိုင်ဖြစ်သွားစေပြီး ကန်ထရိုက်အများစုမှာ လုပ်ငန်းများရပ်တန့်သွားစေခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စျေးကြီးခြင်း၊ လုပ်သားပြတ်တောက်ခြင်း နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်များပေါင်းစပ်လာခြင်းက ဆောက်လုပ်ရေးလုပ်ငန်းများကို လုံးဝရပ်တန့်သွားစေသည်။ ဆောက်လုပ်ရေး လုပ်ငန်းအများစုမှာ မပြီးမစီးပဲ ကျန်ခဲ့ကာ ကန်ထရိုက်များမှာလည်း ဆက်လက်လုပ်နိုင်ရန် အခြေအနေမရှိသောကြောင့် လုပ်ငန်းများကို အဆုံးသတ်ခဲ့ကြရသည်။ ဆောက်လုပ်ရေး ကဏ္ဍသည် စိုက်ပျိုးရေးမှလွဲ၍ စစ်ဘေးရှောင်များအပါအဝင် ရက္ခိုင်ပြည်ရှိ မြောက်များစွာသော မိသားစုများအတွက် စီးပွားရေးနှင့် အလုပ်အကိုင်ပေးသည့် အဓိကလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့်အတွက် ဤအခြေအနေမှာ ဒေသတွင်းစီးပွားရေးကို သိသိသာသာ ထိခိုက်စေခဲ့သည်။

၄။ ဒုက္ခအရောက်ရဆုံး လူထု၏ အခက်အခဲများ

ရက္ခိုင်ပြည်ရှိ အကျပ်အတည်းသည် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မိန်းကလေးများ နှင့် သက်ကြီးရွယ်အိုများအပါဝင် အမျိုးမျိုးသော လူအုပ်စုများတွင် အကျိုးသက်ရောက်မှုများ ကွဲပြားသည်။ ဤအခြေအနေသည် ရက္ခိုင်ပြည်မြောက်ပိုင်းရှိ မူဆလင်လူဦးရေအတွက်လည်း အလွန်အရေးကြီးဖြစ်နေသည်။ ရက္ခိုင်ပြည်တွင်း လွပ်လပ်စွာသွားလာမှု ကန့်သတ်ခံရသည့် မူဆလင်အများစုမှာ နိုင်ငံသားအခွင့်အရေး အပြည့်အဝ မရရှိကြပေ။ စစ်ကောင်စီသည် မူဆလင်များ၏ အားနည်းချက်ကို အသုံးချကာ မူဆလင်လူငယ်များကို အတင်းစစ်သားလုပ်ခိုင်းပြီး စနစ်တကျ လေ့ကျင့်မှုများမရှိဘဲ အာရက္ခတပ်တော်နှင့် တိုက်ခိုက်နေသည့် ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခဲ့သည်။ ဤအခြေအနေသည် လူမျိုးစုအသိုင်းအဝိုင်းကြား တင်းမာမှုများကို မြင့်တက်စေသည်။

ကုလသမဂ္ဂအချက်အလက်များအပေါ် အခြေခံ၍ ရက္ခိုင်ပြည်တဝှမ်းတွင် စစ်ဘေးရှောင်ဦးရေမှာ ၅၁၁,၀၀၀ အထိရှိလာခဲ့ပြီး ယူအန်အဖွဲ့အစည်းများ၊ အန်ဂျီအိုများနှင့် ဒေသတွင်းအဖွဲ့အစည်းအများအပေါ် လုံးဝမှီခိုအားထားနေရသဖြင့် အလွန်ဒုက္ခရောက်နေကြရသည်။ ဒေသတွင်းအဖွဲ့အစည်းများ၏ အရင်းအမြစ်အကန့်အသတ်များနှင့် အထောက်အပံ့အကူအညီများ ကန့်သတ်ခံထားရသဖြင့် သူတို့၏ အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်သည်။ ပုံမှန်အားဖြင့် တိရစ္ဆာန်များကိုကျွေးသည့် ဆန်ကွဲ၊ဖွဲနုများကိုတောင် ဘူးသီးတောင်မှာစစ်ဘေးရှောင်တစ်ချို့စားသောက်နေကြရသည်ဆိုသော ဖြစ်ရပ်များရှိခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကလေးသူငယ်များတွင် ဆေးဝါးမလုံလောက်မှုကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းများ ဆိုးရွားလာခဲ့ပြီး သုံးဆယ်ကျော် သေဆုံးခဲ့ပြီး အရေအတွက်မှာ ပိုမိုများပြားနိုင်သည်. ထို့အပြင် (အရေပြားနာကဲ့သို့) အရေပြားရောဂါများ ဘူးသီးတောင်တောင်ပိုင်းရှိ မူဆလင် စစ်ဘေးရှောင်တို့ကြား ဖြစ်ပွားနေသည်ဆိုသော အစီရင်ခံချက်များ တိုးလာခဲ့သည်။

မိန်းကလေးများနှင့် အမျိုးသမီးများအတွက် သန့်ရှင်းသည့် လစဥ်သုံးပစ္စည်းများ မရရှိနိုင်ခြင်းကြောင့် သိသာထင်ရှားသည့် လူမှုရေး၊ ကျန်းမာရေး ပြဿနာများရှိလာစေသည်။ တားဆေးများလည်း ပြတ်လပ်နေသည်အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာလည်း လိုအပ်သည့် သားဖွားမီးယပ် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ မရရှိသဖြင့် မိခင်နှင့် ကလေးအတွက်ပါ ကျန်းမာရေးအန္တရာယ်များ ကျရောက်နိုင်ခြေရှိသည်။ ကလေးသူငယ်များအတွက် အဟာရဖြည့်တင်းမှုများ လုံးဝရှားပါးပြီး နို့မှုန့်စျေးနှုန်းမှာလည်း သိသိသာသာ စျေးတက်နေသည်။ ဓာတ်ဆားထုပ်များမှာလည်း ဘင်္ဂလားဒေရှ်မှ စျေးနှုန်းနှင့် ရက္ခိုင်ပြည်က စျေးနှုန်းနှင့် ယှဥ်ပါက အဆ ၃၀ မှ ၅၀ အထိကွာခြားနေသည်။

သွေးတိုးကဲ့သို့ ရောဂါများအတွက် လိုအပ်သည့် ဆေးဝါးများကို သက်ကြီးရွယ်အိုများ မရရှိနိုင်ပေ။ အာရက္ခတပ်တော် ထိန်းချုပ်သော ဒေသများတွင် ဆရာဝန်များ၊ သူနာပြုများ နှင့် ဆေးမှူးများရှိသော်လည်း လိုအပ်သည့် ဆေးဝါးများမှာ အလွယ်တကူမရရှိနိုင်ပေ။ HIV လူနာများလိုအပ်သည့် ဆေးများလည်း ပြတ်လပ်နေသည်။ ဆေးဝါးပြတ်လပ်ခြင်းကြောင့် လေဖြတ်ခြင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှုများနှင့် ပြင်းထန့်သည့် စိတ်ပိုင်းဆိုင်ရာရောဂါများ ခံစားနေရသော သက်ကြီးရွယ်အိုတချို့မှာ အရေးပေါ်အခြေအနေကို ရောက်နေကြသည်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများမှာ လုံးဝနီးပါး မရှိသလောက်ဖြစ်နေပြီး ပါရာစီတမောလ်ကဲ့သို့ အခြေခံဆေးဝါးများမှာ တစ်ကတ်လျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်တို့ဖြင့် ရောင်းချနေကြသည်။ ဓာတ်ဆားထုပ်စျေးနှုန်းများမှာလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကုန်ကျသည့်ပမာဏထက် အဆ ၁၀မှ အဆ ၂၀ အထိ စျေးတက်နေကြသည်။ ပုံမှန်ကာကွယ်ဆေးထိုးခြင်းမှာလည်း လုံးဝရပ်တန့်သွားပြီဖြစ်သည်။

စစ်ကောင်စီထိန်းချုပ်ထားသော စစ်တွေမြို့တွင် ဆရာဝန်များရှိသော်ငြားလည်း ဆေးဝါးပြတ်လတ်မှုများဖြစ်နေပြီး ဆေးရုံများမှာလည်း ဗုံကြဲခံခဲ့ရသည်။ အစားအသောက် ဖုံလုံမှုမရှိခြင်း၊ ဆေးဝါးပြတ်လပ်ခြင်းနှင့် ခရီးလားလာရန် ကန့်သတ်ခံရခြင်းတို့ ပေါင်းဆုံလာခြင်းက ဤဒုက္ခရောက်နေကြသည့် လူအုပ်စုများအတွက် အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေမျိုးကို ဖြစ်စေသည်။

၆. ဆိုးရွားစွာဒုက္ခရောက်ခြင်းနောက်ကွယ်မှ ကိန်းဂဏန်းများ

(ပုံ ၆ တွင်ပြထားသည့်အတိုင်း) ၂၀၂၄ ခုနှစ်အတွက် အနိမ့်ဆုံးအသုံးစရိတ်စာရင်း(MEB) အရ လူဦးရေ ၄.၃၁ ပျမ်းမျရှိသော အိမ်ထောင်စုတစ်ခုသည် အခက်အခဲဆုံးအနေအထားကို မရောက်ရအောင်အတွက်  အနိမ့်ဆုံးအသုံးစရိတ် ၄၈၀,၇၉၆ ကျပ်လိုအပ်ပါသည်။ ဤငွေပမာဏထဲမှ အစားအသောက်အတွက် အသုံးငွေမှာ ၆၅ ရာခိုင်နှုန်းသတ်မှတ်ရမည်ဖြစ်ပြီး စုစုပေါင်း ၃၁၄,၇၈၄ ကျပ်ရှိနိုင်သည်။ တိတိကျကျ ဖော်ပြရလျှင် အစားအသောက် အသုံးငွေ ၏ ၂၃.၈ ရာခိုင်နှုန်း သို့ ၇၄,၈၄၄ ကျပ်သည် ဆန်အတွက် သုံးစွဲရမည်ဖြစ်သည်။

မြန်မာပြည် ကျေးလက်ဒေသတွင် လူတစ်ယောက် တစ်နှစ်တာ ဆန်စားသုံးမှုပမာဏမှာ ၁၇၀ ကီလိုရှိပြီး လစဥ်လိုအပ်ချက်မှာ လူတစ်ဦးလျှင် ၁၄ ကီလိုအထိရှိသည်။ ရက္ခိုင်ပြည်အတွက် WFP ၏ ဆန်ပေးဝေမှု အချက်အလက်အပေါ် အခြေခံ၍ ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လတွင် ဆန် ၁၄ ကီလိုဝယ်ယူရန် ၄၇,၄၇၀ ကျပ်ကုန်ကျသည်။ ထို့အပြင် ရက္ခိုင်ပြည်ရှိ လူတစ်ဦးသည် ဆန်ဖိုးတစ်ခုတည်း လုံလုံလောက်လောက်ရရှိရန် တစ်လလျှင် အနည်းဆုံး ၄၇,၄၇၀ ကျပ်ဝင်ငွေရှိရန် လိုအပ်ပါလိမ့်မည်။

၂၀၂၃ ခုနှစ်အတွက် ၂၀၂၃ အောက်တိုဘာလနှင့် ဇူလိုင်လကြား UNDP ဆောင်ရွက်ခဲ့သည့် People’s Pulse စစ်တမ်းအရ လူတစ်ဦး၏လစဥ်ဝင်ငွေမှာ ၆၆,၆၀၀ ကျပ်ရှိသည်။ ၂၀၂၃၊ အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေးစတင်သည်နှင့် ရှေ့တွင်ဖော်ပြခဲ့သည် စိုက်ပျိုးရေးနှင့်ထုတ်လုပ်ရေးတို့တွင် ဆိုးရွားစွာထိခိုက်ခဲ့ခြင်းကြောင့် မိသားစုများ၏ ဝင်ငွေမှာ ၃၀ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်ဟု ယူဆရကာ လူတစ်ယောက်၏ ဝင်ငွေမှာ ဆန်ဖိုးတောင် မလုံလောက်နိုင်သည့် ၄၆,၆၂၀ ကျပ်သာ ရှိတော့သည်။ People’s Pulse စစ်တမ်းအရ ဝင်ငွေလျော့နည်းမှုပမာဏမှာ အိမ်ထောင်စုအရေအတွက် ၅၆.၆ ရာခိုင်နှုန်း (၁၄.၄သန်းခန့်) ဖြစ်ပြီး လူတစ်ဦးချင်းစီဝင်ငွေမှာ ဆန်ဖိုးတစ်ခုတည်းကိုတောင် မတတ်နိုင်လောက်သည့် ဝင်ငွေဖြစ်သည်။

၇. အရေးပေါ်ဆောင်ရွက်ရန်တောင်းဆိုခြင်း

၂၀၂၅ အလယ်မတိုင်ခင် ၉၅ ရာခိုင်နှုန်းသော ရက္ခိုင်ပြည်ရှိလူဦးရေတို့သည် ဆင်းရဲတွင်းသို့ ဆင်းသက်နိုင်ပြီး ရေတိုကာလတွင် စီးပွားရေးနလန်ထူရန် စစ်မှန်သည့် အလားအလာမရှိဟု ခန့်မှန်းထားသည်။ ကုန်သွယ်မှုမရှိခြင်းနှင့်အတူ ထုတ်လုပ်ရေးကဏ္ဍများ မလည်ပတ်ခြင်း၊ အိမ်နီးချင်းနှင့် နိုင်ငံ၏တခြားဒေသများမှ ခွဲခြားခံထားရခြင်းကြောင့် လူထုမှာလည်း မသေရုံတစ်မယ် ရှင်သန်နေရပြီး စီးပွားရေးလုံးဝပြိုကျမည်မှာ မြေကြီးလက်ခတ်မလွှဲ ဖြစ်လာမည့်ပုံပေါ်သည်။ စီးပွားရေးပြိုလဲခြင်းကလည်း နဂိုတည်းက ယိုင်နဲနေသော လူမှုသဟဇာတဖြစ်မှုကို ပိုဆိုးဝါးစေနိုင်ပါသည်။

ဤရလာဒ်များသည် အိမ်နီးချင်းနိုင်ငံများအတွက် မမျှော်လင့်ထားသည့် အခြေအနေများ ဖြစ်ပေါ်လာစေနိုင်ပြီး တင်းမာမှုများနှင့် မလုံခြုံမှုတို့ ပိုနက်ရှိင်းစေနိုင်ပါသည်။ ကုန်သွယ်ရေးနှင့် မရှိမဖြစ် ကုန်ပစ္စည်းများကို ပိတ်ဆို့ခြင်းက လူကုန်ကူးမှုအပါအဝင် တရားမဝင်ကုန်သွယ်မှုများ ပေါ်ပေါက်လာစေနိုင်ပြီး လုံခြုံရေး အခြေအနေကို ပိုမိုဆိုးဝါးစေနိုင်ပါသည်။  

ထို့အပြင် အလွန်များပြားသည့် ကန့်သတ်ချက်တို့ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုမှာလည်း ငွေကြေးဆိုင်ရာ စွက်ဖက်မှုများအပေါ် အများကြီး မူတည်နေသည်။ ထို့ကြောင့် မိသားစုရှုထောင့်မှ လတ်တလောနှင့် ပုံမှန်ကြားကာလ အကျိုးသက်ရောက်မှုရှိရန်၊  စျေးကွက်ကိုလက်လှမ်းမီနိုင်ရန် အကျိုးအမြတ်ရရှိစေနိုင်မည့် အခြေခံကုန်ပစ္စည်းများ စျေးကွက်နှင့် ကုန်စည်စီးဆင်းမှုကို ထိန်းထားနိုင်ရန် အလွန်အရေးကြီးပါသည်။

အပျက်အစီးအများဆုံးဖြစ်နိုင်မည့် အခြေအနေကို ရှောင်ရှားရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ၄င်းတို့လုပ်ဆောင်နိုင်စွမ်းနှင့် ရောက်ရှိနိုင်မှုတို့ကို မျှတအောင်လုပ်ကာ ရက္ခိုင်ပြည်ရှိ ၄င်းတို့ဆောင်ရွက်ချက်များကို ပို၍အလေးအနက်ထား ဆောင်ရွက်သင့်ပါသည်။

  • ကုန်စည်များကို ရက္ခိုင်ပြည်သို့ ဝင်ရောက်ခွင့်ပြုရမည်။ မြန်မာနိုင်ငံအတွင်း လက်ရှိချမှတ်ထားသည့် ကန့်သတ်ချက်အားလုံးကို ဖြေလျှော့ပေးသင့်ပြီး တာဝန်ရှိသူများအားလုံးက ရက္ခိုင်ပြည်သို့ ကုန်စည်များ ဝင်ထွက်ခွင့်ရှိအောင် လုပ်ဆောင်ပေးရပါမည်။ ထို့အပြင် ရက္ခိုင်နှင့် တိုက်ရိုက်စီးပွားရေးလမ်းကြောင်းများအတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဂိတ်ကို ဖွင့်ပေးခြင်းသည် ဒေသတွင်းစျေးကွက်များသို့ အရေးပေါ်ပစ္စည်းများ ဖြည့်တင်းနိုင်မည်ဖြစ်သည်။ အလားတူ ရက္ခိုင်ပြည်အလယ်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများအတွက်လိုအပ်သည်များကို ထောက်ပံ့ကူညီနိုင်မည့် မျိုးစပါးနှင့် လောင်စာဆီတို့ကဲ့သို့ ပစ္စည်းများကို  အိန္ဒိယနယ်စပ်မှလည်း သွင်းခွင့်ရှိရပါမည်။
  • အရေးပေါ်လိုအပ်ချက်များ ဖြည့်တင်းရန် ထောက်ပံ့ကူညီမှုများနှင့် အခရာကျသော သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်စတင်လာစေရန် ပဋိပက္ခနှင့်ဆိုင်သည့် မည်သည့်အဖွဲ့အစည်းမဆို ကြားဝင်နှောင့်ယှက်ခြင်းမရှိဘဲ ထောက်ပံ့ကူညီပေးရပါမည်။
  • အဖွဲ့အစည်းများအားလုံးမှလည်း ထောက်ပံကူညီသည့် ပုဂ္ဂိုလ်များအတွက် လမ်းကြောင်းများကို ပိတ်ပင်ကန့်သတ်မထားပဲ လုံခြုံမှုပေးနိုင်ရပါမည်။
  • အသက်ရှင်သန်ရပ်တည်နိုင်ရေးကို အထောက်အကူပြုမည့် လုံလောက်သော ငွေကြေးအရင်းအမြစ်များနှင့် ပြန်လည်တည်ထောင်ရေး လိုအပ်ချက်ကို အရေးတကြီး အရှိန်မြှင့်ကူညီနိုင်ရန် လိုအပ်ပြီး အရေးပေါ် ရှင်သန်ရပ်တည်ရန် လိုအပ်ချက်ထက် ပို၍များပြားသည့် အတိုင်းအတာဖြင့် စီမံထားရန်လိုအပ်ပါသည်။ ဤရန်ပုံငွေများဖြင့် အစားအသောက်ထုတ်လုပ်ခြင်းနှင့် ဝင်ငွေများတိုးအောင်လုပ်ဆောင်ကာ ဒုက္ခရောက်နေကြသည့် အိမ်ထောင်စုများကို ပြန်လည်ထူထောင်ရန်ပစ္စည်းများ ဖြန့်ဝေပေးခြင်းနှင့် သက်မွေးဝမ်းကျောင်းအထောက်အပံ့များကို ကူညီထောက်ပံ့ပေးနိုင်ပါသည်။ သယ်ယူပို့ဆောင်သူများကို ထောက်ပံ့ပေးပြီး ပြန်လည်စတင်ရန် စျေးကွက်အတွင်းအချိတ်အဆက်ဖြစ်စေမည့် အရေးပါသည့် နေရာများကို ကုန်ပစ္စည်းများရောက်ရှိအောင် လူသုံးကုန်ပစ္စည်းများ လွတ်လပ်စွာစီးဆင်းအောင် လုပ်ရပါမည်။ ရန်ပုံငွေများအသုံးပြုနေကြသည့် လူများထံသို့ အွန်လိုင်းမှတဆင့်လွှဲပြောင်းနိုင်သည့် ငွေကြေများကို ထောက်ပံ့ပေးနိုင်ပြီး ဖြစ်နိုင်ပါက အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်များကိုပါ ထောက်ပံ့သင့်ပါသည်။ လုပ်ငန်းဆိုင်ရာကိစ္စရပ်များအတွက် ငွေသားများဖြင့် အငယ်စား အဆောက်အဦးများ ပြန်လည်ဆောက်လုပ်ခြင်းကို ကူညီနိုင်ပြီး ဒေသခံများအတွက် အထောက်အပံ့များဖြစ်ကာ စစ်ဘေးရှောင်များအတွက်လည်း ဝင်ငွေရနိုင်မည့် အခွင့်အလမ်းများကို ပေးနိုင်ပါသည်။
  • ပြန်လည်ထူထောင်ရေးအကူအညီများကို အရေးပေါ်အကူအညီပစ္စည်းများ ထောက်ပံခြင်းနှင့် တပြိုင်တည်း ထောက်ပံ့သင့်ပါသည်။​

မကြာမီကာလအတွင်း ဖြစ်လာနိုင်သည့် ငတ်မွတ်ခေါင်းပါးမှုကို ရှောင်ရှားနိုင်ရန် အနိမ့်ဆုံးလိုအပ်ချက်များကို ပြည့်မှီစေရန်အတွက် ဤဆောင်ရွက်ချက်များကို လုပ်ဆောင်ရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ အကျပ်အတည်းအတွက် အားလုံးပါဝင်သည့် နိုင်ငံရေးဆိုင်ရာ ပြေလည်ခြင်းကသာလျှင် နိုင်ငံ၏တခြားဒေသများတွင် ထိခိုက်နေခြင်းများအပြင် ရက္ခိုင်ပြည်အကျပ်အတည်း အကြောင်းအရင်းအောက် တည်ရှိသည့် စနစ်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ပါလိမ့်မည်။ သို့ရာတွင် အကျပ်အတည်းကြားက အကျပ်အတည်း အပြင် အလွန်ပြင်းထန်နိုင်ဖွယ်ရှိသည့် ဒေသတွင်းပေါ်ပေါက်လာနိုင်သည့် အကျိုးဆက်များ၊   ဆိုးရွားသည့် ငတ်မွတ်မှုအန္တရာယ်ကို ရှောင်ရှားရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးတကြီး တုံ့ပြန်ဖြေရှင်းရပါမည်။

 

ထင်မြင်ယူဆချက်‌‌ပေးရန်