သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခတပ်တော်၏ “အားလုံးပါဝင်နိုင်မည့် အုပ်ချုပ်ရေးစနစ်”နှင့်ပတ်သက်၍ မူဆလင်များကြားတွင် အမြင်မတူမှုများရှိနေ

ဘာသာပြန်-ကျော်ဇံ

AB News-နိုဝင်ဘာ ၄၊ ၂၀၂၄

The Diplomat သတင်းတွင် သတင်းထောက် Rajeev Bhattacharyya ရေးသားသည့် “Rohingya Community Is Divided Over Arakan Army’s Plan for ‘Inclusive Administration” ဆောင်းပါးအား ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

ရက္ခိုင်ပြည်ရှိ အင်တာဗျူးဖြေသူများကို အကြမ်းအားဖြင့် အုပ်စုသုံးစု ခွဲခြားနိုင်ပြီး အေအေ၏ မူဝါဒကို ကြိုဆိုသူများ၊ အတင်းအကျပ်လိုက်နာခိုင်း၍သာ လိုက်နာရမည့် သူများနှင့် အေအေမူဝါဒကို ဆန့်ကျင်သူများဖြစ်ကြသည်။

အာရက္ခတပ်တော်နှင့် ၄င်း၏နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့သည် မြန်မာနိုင်ငံမြောက်ပိုင်း၊ ရက္ခိုင်ပြည်တွင် စစ်ကောင်စီထံမှ သိမ်းပိုက်ထားပြီးသည့် ဒေသများတွင် ရည်မှန်းချက်ကြီးမားပြီး လုပ်ဆောင်ရန်ခက်ခဲလှသည့် “လူမျိုးအားလုံးပါဝင်နိုင်မည့် အုပ်ချုပ်ရေး”စနစ်ကို တည်ထောင်မည့် ရည်မှန်းချက်ကို စတင်ခဲ့ပြီးဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ဒုက္ခအရောက်ဆုံးဟု ယူဆနိုင်သည့် ရက္ခိုင်ပြည်ရှိမူဆလင်များ၏ အနာဂတ်နှင့်ပတ်သက်၍ ဤအစီအစဥ်က မရေရာမှုများနှင့် မတူကွဲပြားသည့် အမြင်များကို ဖြစ်ပေါ်လာစေသည်။

အာရက္ခတပ်တော်သည် စစ်ကောင်စီထံမှ ချင်းပြည်တောင်ပိုင်းရှိ ပလက်ဝဒေသအပါအဝင် ရက္ခိုင်ပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းရှိ ဒေသအများစုကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ လက်ရှိ “အာရက္ခပြည်သူ့အစိုးရ” ဟုခေါ်တွင်နေကြသည့် “ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့”ကို တည်ထောင်ခဲ့သော ၂၀၁၉ ခုနှစ်တွင် လွတ်မြောက်နယ်မြေဒေသများရှိ အုပ်ချုပ်မှုစနစ်တွင် အာရက္ခပြည်တွင်နေထိုင်ကြသည့် လူမျိုး၊ မျိုးနွယ်စုအားလုံးပါဝင်သည့် “အားလုံးပါဝင်နိုင်မည့် အုပ်ချုပ်မှုစနစ်” တစ်ခုအတွက် အစီအစဥ်များကို အာရက္ခတပ်တော်နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့က ကတိပြုချမှတ်ခဲ့ခြင်းဖြစ်သည်။

The Diplomat နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ULA/AA အကြီးအကဲ ထွန်းမြတ်နိုင်မှ “အားလုံးပါဝင်နိုင်မည့် အုပ်ချုပ်မှုစနစ်” ၏ ရည်မှန်းချက်မှာ “အများအကျိုးစီးပွားကို အခြေခံသော ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးသည့် တစ်ပြည်ထောင်စနစ်” ကို တည်ထောင်ရန်ဖြစ်ပြီး နောက်ပိုင်း ပိုမိုကျယ်ပြန့်လာသည့်အခါ အစိုးရအဖွဲ့၏ မတူညီသည့် အဆင့်အလွှာအသီးသီးကို အာဏာခွဲဝေပေးသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်းက ချင်းပြည်တောင်ပိုင်းနှင့် ရက္ခိုင်ပြည်ကို သွားရောက်ခဲ့သည့် ခရီးစဥ်များအတွင်း အာရက္ခတပ်တော်၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဌာနဆိုင်ရာများနှင့် အင်တာဗျူးများ၊ သာမန်စကားစမြည်ပြောကာ ဆွေးနွေးခြင်းတို့ရှိခဲ့ပြီး အာရက္ခပြည်သူ့အစိုးရအတွက် သူတို့၏အစီအစဥ်များကို ဝေမျှခဲ့ကြသည်။ ဤအကြောင်းအရာများတွင် မြို့နယ်တစ်ခုချင်းစီတွင် အခြေအနေပေါ်မူတည်၍ နေပြည်တော်၏ အုပ်ချုပ်မှုနည်းစနစ်များကို နည်းနာအသစ်များဖြင့် ပေါင်းစပ်ကာ အုပ်ချုပ်မှုအစိုးရအဆင့်အတန်းတစ်ခုကို ဖန်တီးရန်လည်း ပါဝင်သည်။ ကျွန်ုပ်အနေဖြင့် ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝတို့တွင် လည်ပတ်ဆောင်ရွက်နေကြသော ရပ်/ကျေး အုပ်ချုပ်မှုကော်မီတီများ၊ ကျန်းမာရေးစင်တာများ၊ ရဲနှင့် စိုက်ပျိုးရေးဌာနများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)၊ အကောက်အခွန်ရုံးဌာနများ စသည့် ဌာနများစွာတို့ကို မျက်မြင်တွေ့ခဲ့ရသည်။ အာရက္ခတပ်တော်၏ စစ်ဒေသ၊ တပ်မဟာများအပေါ် အာဏာအများအပြားအပ်နှင်းကာ ထားရှိသည့် ဤအုပ်ချုပ်မှုစနစ်မှာ ပိရမစ်တစ်ခုကဲ့သို့ စနစ်တကျရှိလှသည်။

မူဆလင်များ ပူးပေါင်းလာရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ သဘောထား

၁၉၄၂ ခုနှစ်ကတည်းကပင် လူများစု ဗုဒ္စဘာသာ ရက္ခိုင်လူမျိုးများနှင့် မူဆလင်များကြား ထပ်ခါတလဲလဲ လူမျိုးရေးပဋိပက္ခတို့ဖြင့် မတည်မငြိမ်ဖြစ်နေခဲ့ရသည့် ဒေသတစ်ခုဖြစ်သည့် ရက္ခိုင်ပြည်တွင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုရှိလာရေးအတွက် လူမျိုး၊ အသိုင်းအဝိုင်းအချင်းချင်းကြား သဟဇာတဖြစ်ရေးမှာ မရှိမဖြစ် အလွန်ပင်အရေးပါသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ယုံကြည်သည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ရှေ့တွင်ရှိလာမည့် ကြီးမားသည့်စိန်ခေါ်မှုများထဲတွင် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရပြီး လွတ်လပ်စွာသွားလာခွင့်ပိတ်ပင်ခံထားရသော  မူဆလင်များ၏ ဆယ်စုနှစ်နှင့်ချီပြီး ခွဲခြားဆက်ဆံ၊ ဖိနှိပ်ခံရခြင်းတို့ကို အဆုံးသတ်ပေးရန်လည်းပါဝင်သည်။

မူဆလင်လူမျိုးများနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဌာနဆိုင်ရာများ၏ ခန့်မှန်းချက်များအရ ချင်းပြည်တောင်ပိုင်းနှင့် ရက္ခိုင်ပြည်တွင် လက်ရှိ မူဆလင်ဦးရေမှာ ၀.၉ မှ ၁.၁သန်းကျော်အထိရှိပြီး ချင်းပြည်တောင်ပိုင်း၊ ပလက်ဝတွင် လူဦးရေ ၈၁ ဦး ခန့်နေထိုင်ကာ အနည်းဆုံးဖြစ်ပြီး  ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောခရိုင်တွင် လူဦးရေအများဆုံးနေထိုင်သည်ဟု ဆိုသည်။

ကျောက်တော်မြို့နယ်၏ နိုင်ငံရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်ဇောခိုင်မှ “ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ရည်မှန်းချက်မှာ တည်ငြိမ်ရေးအတွက် မရှိမဖြစ်လိုအပ်သည်ဟု ယူဆသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်ပင်ဖြစ်သည်” ဟု ဇွန်လ ၁၇ ရက်နေ့က The Diplomat ကို ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးစနစ်တွင် မြို၊ ခူမီး၊ ဒိုင်းနက်၊ ဟိန္ဒူ ကဲ့သို့ လူနည်းစု မျိုးနွယ်စုများအားလုံး ပါဝင်သည့်
“မျိုးနွယ်စုရေးရာ ကော်မီတီ”အပြင် မူဆလင်ရေးရာ ကော်မီတီကိုလည်း ဖွဲ့စည်းခဲ့ပြီး ကျွန်တော်တို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် စိတ်အားထက်သန်ကြသည့် မူဆလင်များပါဝင်သည့် မျိုးနွယ်စု၊ လူမျိုးအသိုင်းအဝိုင်း များအားလုံးပါဝင်အောင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင် ကြိုးပမ်းလုပ်ဆောင်လျှက်ရှိသည်ဟုလည်း သူကပြောပြသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အုပ်ချုပ်မှုတွင် မူဆလင်၊ ဗုဒ္ဓဘာသာ ရက္ခိုင်လူမျိုးများနှင့် တခြားလူမျိုးများကြား လူမှုသဟဇာတရှိလာစေရန် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွင်ပွဲများမှတဆင့် လူမှုအသိုင်းအဝိုင်းအချင်းချင်း ရင်းနှီးထိတွေ့မှုရှိစေရန် ဦးစားပေးလုပ်ဆောင်နေသည်ဟု ဦးကျော်ဇောခိုင်မှ ရှင်းပြသည်။ ဘူးသီးတောင် နှင့် မောင်တောမြို့တွင် အများဆုံးဖြစ်ပြီး တခြားမြို့များတွင်လည်း မတူကွဲပြားသည့် အခြေအနေများဖြင့် မူဆလင်နှင့် တခြားလူမျိုးများကြားတွင် လူမှုဆက်ဆံရေးအရ ကွာဟမှုများရှိနေသောကြောင့် ဤကဲ့သို့ လူမှုအသိုင်းအဝိုင်းကြား သဟဇာတဖြစ်ရေးကို အရေးကြီးသည်ဟု ယူဆခြင်းဖြစ်သည်။

စိတ်ရင်းစေတနာနှင့် လုပ်ပိုင်ခွင့်များတိုးလာသည်ကို ပြသသည့်အနေဖြင့် ရက္ခိုင်ပြည်အလယ်ပိုင်းနှင့် ပလက်ဝမြို့နယ်တို့တွင် နေထိုင်ကြသည့် မူဆလင်များအတွက် ကန့်သတ်ထားသည့် ခရီးသွားလာခွင့်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဖယ်ရှားပေးခဲ့သည်ဟု မူဆလင်တစ်ချို့က The Diplomat ကို ပြောသည်။ ဤကဲ့သို့ ခရီးသွားလာခွင့်ရသဖြင့် ကျန်းမာရေးဝန်ဆောင်မှုများနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှု စီမံလည်ပတ်နေသည့် ဆေးရုံဆေးခန်းများတွင် ကုသခွင့်ရလာကြသည်။

ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော်၏ ရည်မှန်းချက်ဖြစ်မြောက်အောင် ရက္ခိုင်ပြည်တွင် အဓိကကျသည့် နိုင်ငံရေးဦးဆောင်ဦးရွက်ပြုသူအဖြစ် နိုင်ငံတကာမှ အသိအမှတ်ပြုမှုရရှိစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းသည် ရက္ခိုင်ပြည်တွင် တရားဝင်ဖြစ်မှုနှင့် အခွင့်အာဏာရှိမှုတို့ကို အားကောင်းအောင် လုပ်ဆောင်သည့် နည်းဗျူဟာတစ်ခုလည်း ဖြစ်သည်။ နေပြည်တော်အစိုးရနှင့် တူညီသော ခွဲခြားဆက်ဆံရေးမူဝါဒများသည် နိုင်ငံတကာ အေဂျင်စီများမှ ထောက်ပံ့ကူညီမှုများရနိုင်မည့် အခြေအနေများကို ပျက်ပြယ်သွားစေနိုင်သည်။ ၄င်းထောက်ပံ့ကူညီမှုများတွင် သိန်းချီသည့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ ပြန်လည်ထူထောင်ရေးနှင့် မူဆလင်များအတွက် ထောက်ပံ့ငွေ အများစုပါဝင်သည်။

မတူကွဲပြားသည့် မြို့နယ်များမှ မူဆလင်ဒေသခံများနှင့် အင်တာဗျူးရာတွင် အများစုမှာ စစ်ကောင်စီ (သို့) ရက္ခိုင်အများစုနှင့်ပတ်သက်၍ သူတို့၏ ပဋိပက္ခအပေါ် ထင်မြင်ချက်များမှာ တစ်ညီတစ်ညွတ်တည်း မရှိကြပေ။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ မူဝါဒများကို တုံ့ပြန်သည့်အခါ မူဆလင်များကို ထောက်ခံသူ၊ လိုက်နာခိုင်း၍သာ လိုက်နာရသည်ဟု ယူဆသူများနှင့် ကန့်ကွက်သူဟူ၍ အုပ်စုသုံးစု ခွဲခြားနိုင်သည်။

ရက္ခိုင်ပြည်မြောက်ပိုင်းရှိ မူဆလင်များက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ မူဝါဒကို ကြိုဆို

ချင်းပြည်တောင်ပိုင်း ပလက်ဝတွင်နေထိုင်ကြသည့် မူဆလင်များနှင့် ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားမြို့နယ်များကဲ့သို့ ရက္ခိုင်ပြည်အလယ်ပိုင်းတွင်နေထိုင်ကြသည့် မူဆလင်များမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ “အားလုံးပါဝင်မည့် အုပ်ချုပ်ရေးစနစ်”ကို ကြိုဆိုထောက်ခံကြသည်။ ထောက်ခံသူများမှာ ULA ဦးဆောင်ဖွဲ့စည်းထားသည့် မြို့နှင့် ရပ်ရွာအဆင့် ကော်မီတီများတွင် ပါဝင်ကြပြီး တစ်ချို့မှာ ရဲနှင့် ကျန်းမားရေးလုပ်သား သင်တန်းများတက်ရောက်ထားကြသည်။ နေရပ်စွန့်ခွာသူများ ပြန်လည်အခြေချရေးအတွက် ကူညီကြသည့် HDCO နှင့် စိုက်ပျိုးရေးဌာနများတွင် မူဆလင်များပါဝင်လားရေးအတွက် ပြင်ဆင်မှုများကိုလည်း လုပ်ဆောင်လျှက်ရှိသည်။

မင်းပြားမြို့တွင် မူဆလင်ဦးရေ ၃၆,၂၃၅ ဦးအထိရှိပြီး ရွာပေါင်း ၁၅ ရွာတွင်နေထိုင်ကြသည်။ ကျွန်တော်မင်းပြားမြို့သို့ ရောက်သည့်အခါ အသစ် ဖွဲ့စည်းထားသည့် အစ္စလာမ် ကောင်စီ၏ အဖွဲ့ဝင် မူဆလင် နှစ်ဦးနှင့် တွေ့ဆုံခဲ့ပါသည်။ သူတို့သည် ULA ကျင်းပသည့် အစည်းအဝေးကို နေရပ်စွန့်ခွာသူ ၆၀ ကျော် ပြန်လည်နေရာချထားရေး၊ ရဲလုပ်ငန်းနှင့် တခြားစိုက်ပျိုးရေးဌာန ချဲ့ထွင်ရန် အသေးစိတ် ပြင်ဆင်ရန်အတွက် တခြားလူမျိုးများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

ဟာဂျီဆင်မင်းသည် အစ္စလာမ်ကောင်စီ၏ ဥက္ကဌဖြစ်ပြီး ရက္ခိုင်ပြည်ရှိ မူဆလင်များနှင့်ဆက်စပ်၍ ကိစ္စအများအပြားကို ပြောပြခဲ့သည်။ “ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ မူဆလင်တွေနဲ့ မင်းပြားမှာရှိကြတဲ့ မူဆလင်တွေကြား တူတာတွေရော၊ မတူတာတွေရော ရှိကြပါတယ်၊ မင်းပြားမူဆလင်တွေနဲ့၊ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေ၊ တခြားမျိုးနွယ်စုတွေကြား အမြဲတမ်း သင့်သင့်မြတ်မြတ်ရှိကြပါတယ်” ဟု သူကပြောပြသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် မူဆလင် အမျိုးသမီးတဦးအား ဆေးကုသပေးနေစဉ် / Rajeev Bhattacharyya

“အရင် နေပြည်တော်အစိုးရ လက်ထက်မှာ မူဆလင်တွေအားလုံး ဒုက္ခရောက်ခဲ့ကြတယ်” ဟု ထောက်ပြကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် လက်ထက်တွင် မူဆလင်များ၏ ပိုမိုကောင်းမွန်သည့် အနာဂတ်အတွက် မျှော်လင့်ထားသည်ဟု ဆိုသည်။

အာရက္ခတပ်တော်က မင်းပြားကိုသိမ်းပိုက်ခဲ့ပြီးနောက် မတ်လနှောင်းပိုင်းတွင် “မူဆလင်များ သွားလာခွင့်ကို ကန့်သတ်ထားသည်” ကို ဖြေလျှော့ပေးခဲ့သည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တည်ထောင်သည့် ကော်မီတီများတွင် မူဆလင် ၂၀၀ ကျော်ပါဝင်ကြောင်း ဟာဂျီဆင်မင်း က ပြောပြသည်။

စစ်ကောင်စီအစိုးရက သွားလာလှုပ်ရှားမှုများကို ကန့်သတ်ခဲ့သောကြောင့် မူဆလင်များအခြေချနေထိုင်ခြင်းမှာ တစ်ခုနှင့်တစ်ခု တကွဲတပြားစီတည်ရှိခဲ့သည်။ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းတို့တွင်နေထိုင်ခဲ့သော မူဆလင်တချို့သည် ၂၀၁၂ ခုနှစ် မြန်မာစစ်တပ်၏ နှိမ်နှင်းမှု နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲမှ “မျိုးတုန်းသတ်ဖြတ်မှု”ဟု သုံးနှုန်းသည့် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ အမြစ်မြတ်သုတ်သင်ရှင်းလင်းရေး အတွင်း အိမ်များမီးရှို့ခံရခြင်းနှင့် မတရားဖမ်းဆီးခံရခြင်းကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်ခဲ့ရသည်။

ဤဒေသများမှ မူဆလင်များက “ARSA” နှင့် “RSO” ကို သူတို့ဒေသများတွင် မတွေ့ရသလို ဤမြို့နယ်များရှိ နေထိုင်ကြသူ မူဆလင်များကိုလည်း စုဆောင်းသည့်ကိစ္စများ မရှိကြကြောင်း ထုတ်ဖော်ပြောကြားကြသည်။​

“ကျွန်တော်တို့ကို အတင်းအကျပ် အပြုသဘောဆောင်စေချင်ကြတယ်”

ဘူးသီးတောင်၊ ရသေ့တောင်တို့တွင် နေထိုင်ကြသည့် မူဆလင်အသိုင်းအဝိုင်း၏ အုပ်စုတခုမှ ဖော်ပြခဲ့သည့် မြို့နယ်များရှိ မူဆလင်များနှင့် မတူသည့်အချက်က  အုပ်ချုပ်ရေးကိစ္စများတွင် မူဆလင်များပါဝင်လာရေးဖြစ်သည့်  ULA ၏ အစီအစဥ်ကို သတိချပ်ကာ မျှော်လင့်ကြပုံပေါ်သည်။ မတ်လနှင့် မေလစစ်ဆင်ရေးများအတွင်း စစ်ကောင်စီလက်ထဲမှ ထိုဒေသကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အာရက္ခပြည်သူ့အစိုးရ၏ ဌာနဆိုင်ရာမှတ်တမ်းများအရ ရက္ခိုင်ပြည်ရှိ မူဆလင်လူဦးရေ၏ သုံးပုံနှစ်ပုံမှာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ပျံ့နှံ့နေထိုင်ကြသည်။ ဤဒေသရှိ ဒေသခံများမူဆလင်များမှာ ၂၀၁၇ က မြန်မာစစ်တပ်လုပ်ဆောင်ခဲ့သည့် အမြစ်ပြတ်သုတ်သင်ရှင်းလင်း စစ်ဆင်ရေးအတွင်း ရပ်ရွာအိုးအိမ်များကို မီးတိုက်ခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး မူဆလင် ၇၀၀,၀၀၀ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရွှေ့ပြောင်းသွားခဲ့ရသည်။

ထို့အပြင်ဤဒေသတွင် အကြမ်းဖက်အုပ်စု ARSA က အခြေကုပ်ယူနေပြီး စစ်ကောင်စီတပ်ကို တိုက်ရန် ထောင်နှင့်ချီသော ကေဒါများကို စုဆောင်းခဲ့သည်။ သို့ရာတွင် စစ်ကောင်စီကို ဆန့်ကျင်မည့် အာဆာ၏ လက်နက်ကိုင်လှုပ်ရှားမှုတွင် အတင်းအကျပ်ရံပုံငွေကောက်ခံခြင်းကဲ့သို့ လုပ်ရပ်များကို ဆန့်ကျင်၊ မေးခွန်းထုတ်သည့် မူဆလင်တစ်ချို့ကို ခြိမ်းခြောက်၊ သတ်ဖြတ်သည့် လုပ်ရပ်များပါရှိခဲ့သည်။ မူဆလင်ဘာသာရေး ခေါင်းဆောင်များနှင့် ကျောင်းဆရာများဖြစ်ကြသည့် မူလာနာ အဗ္ဗဒူ ဂိုနိ၊ အဘူးလ်း ဘာဆာ နှင့် အတူးလာ တို့ကို ဘူးသီးတောင်မြို့တွင် ဇွန်လ ၂၂ရက်နေ့က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် အာဆာက လူပေါင်း ၈၀ မှ ၁၀၀ ဦးထိ သတ်ဖြတ်ခဲ့သည် ဟု ဆိုသည်။

သူတို့လေးဦးထဲမှ တစ်ဦးဖြစ်သည့် အတူးလာ သည် ရသေ့တောင်မြို့ရှိ မူဆလင်ဘာသာရေးကျောင်းတစ်ခုတွင် စာသင်ပြသူ ကျောင်းဆရာတစ်ဦးဖြစ်ပြီး အာဆာကို အပြင်းထန်ဆုံးဝေဖန်သူလည်း ဖြစ်သည်။ “အာဆာက မူဆလင်အသိုင်းအဝိုင်းရဲ့ အကြီးမားဆုံး ရန်သူဖြစ်လာပါတယ်။ ခုဆိုရင် ကျွန်တော်တို့ လူမျိုးတွေကို အဆိုးဝါးဆုံးသော ရက်စက်မှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီနဲ့ ပေါင်းလိုက်ပါပြီ။ ဘူးသီးတောင်မှာ နေထိုင်ကြတဲ့ မူဆလင် ၃၀၀,၀၀၀ ထဲက ၇၀ ရာခိုင်နှုန်းနီးပါးဟာ ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်တွေ ဖြစ်လာခဲ့တယ်” ဟု သူက ဆိုသည်။

အာတူးလာသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ မူဝါဒများကို ထောက်ခံသည့် သူတို့မူဆလင်အသိုင်းအဝိုင်း အပိုင်းအခြားအတွက် အကြောင်းပြချက်များကို ရှင်းပြကာ မူဆလင်များအပေါ် ကန့်သတ်ချက်များ၊ ခွဲခြားဆက်ဆံသည့် မူဝါဒများကို ဖယ်ရှားပေးမည့် ULA  ၏ ကြေငြာထုတ်ပြန်ချက်များကို ထောက်ပြသည်။ မူဆလင်များ လွပ်လပ်စွာ သွားလာခွင့်နှင့် အာရက္ခပြည်တွင် နေထိုင်ကြသည့် လူမှုအသိုင်းအဝိုင်းများအားလုံး အခွင့်အရေးတန်းတူရရှိနိုင်မည် ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ကြေငြာထားသည်။

“အဲဒီလိုမျိုးထုတ်ပြန်ချက်မျိုးကို မျှော်လင့်ရတာ က သိပ်ပြီးမထူးဆန်းတော့ပါဘူး။ တချိန်တည်းမှာပဲ ကျွန်တော်တို့ မူဆလင်အများစုက အနာဂတ်နဲ့ပတ်သက်ပြီး သိပ်မသေချာဘူး” ဟု ဘူးသီးတောင်မြို့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နှင့် အစည်းအဝေးအတွက် ရသေ့တောင်မြို့ရှိ သူ့အိမ်မှ ထွက်လာသူ အာတူးလာက ပြောပြသည်။

အာတူးလာရဲ့ အမြင်ကိုပဲ ထပ်မံပြောပြသူ နောက်တစ်ဦးမှာ ဘူးသီးတောင်မြို့ရှိ ကယ်ဆယ်ရေးစခန်းတစ်ခု၏ မူဆလင်အုပ်စုမှ အသက်အရွယ်ကြီးနေပြီဖြစ်သည့် ခါလီလာဒင်ဖြစ်သည်။ သူက စစ်ကောင်စီမရှိသည့် ရက္ခိုင်ပြည်တွင် မူဆလင်အသိုင်းအဝိုင်းအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို မျှော်လင့်သူလည်း ဖြစ်သည်။​သို့ရာတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ မူဝါဒများကို ဆန့်ကျင်သည့် အကျိုးဆက်များနှင့် ပတ်သက်၍ စိုးရိမ်နေသည်။ “ULA နဲ့ မပူးပေါင်းလို့ရှိရင် ကျွန်တော်တို့ အကျိုးစီးပွားတွေ ထိခိုက်နိုင်တယ်။ ကျွန်တော်တို့ လတ်တလော ရည်မှန်းချက်က ကျွန်တော်တို့ရဲ့ အိမ်တွေဆီကို ပြန်သွားဖို့ပါပဲ၊ ဒါဟာ ULA/AA ရဲ့ ထောက်ခံကူညီမှု မပါပဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု သူက ဆိုသည်။

ဆန့်ကျင်ကြသည့် ဘူးသီးတောင်၊ မောင်တော မှ မူဆလင်များ

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဗုဒ္ဓဘာသာ ရက္ခိုင်လူမျိုး နှစ်ဦးဖြစ်သည့် ဦးစံရွှေမောင်နှင့် ဦးမောင်မြအောင်တို့၏ အလောင်းကို အပိုင်းပိုင်းခုတ်ထစ်ကာ ဘူးသီးတောင်ရှိ မူဆလင်များနေထိုင်သည့် ဂုံးနားကျေးရွားအနီးတွင် မြုပ်ထားသည်ကို တွေ့ရသည်ဟု AA က ထုတ်ပြန်ထားသည်။ ထိုလူနှစ်ဦးမှာ မေယုတောင်တန်းတွင် ဝါးခုတ်ရန်သွားသူများဖြစ်ကြပြီး အာဆာက ဓားဖြင့် ခုတ်ကာ သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ချင်းပြည်နယ် ပလက်ဝမြို့တွင်ရှိသည့် မူဆလင်အချို့အားတွေ့ရစဥ်/Rajeev Bhattacharyya

ဤအဖြစ်အပျက်မတိုင်မီ မောင်တောမြို့နယ်ရှိ မြိုလူမျိုးများနေထိုင်သော ကိုင်းကြီးကျေးရွာမှ မိသားစုလေးယောက် ချောင်းတစ်ချောင်းတွင် ငါးရှာသွားပြီးနောက် ပျောက်ဆုံးနေသည်ဟု သိရသည်။​ အာဆာမှ ထိုလေးယောက်ကို ဖမ်းဆီးသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားဖော်ပြကြသည်။

ဤဖြစ်ရပ်များကို သီးခြားအတည်မပြုနိုင်သော်လည်း ဤအခြင်းအရာများမှာ အာရက္ခတပ်တော်က (စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် တချို့နေရာများတွင် ထိန်းချုပ်မှုများရှိနေသော်လည်း)  မောင်တော နယ်မြေအများစု နှင့် ဘူးသီးတောင်မြို့ကို သိမ်းပိုက်ထားသော်ငြားလည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် အာဆာရောက်ရှိနေသည်ကို ညွှန်ပြနေခြင်းဖြစ်သည်။

 ULA/AA အနေဖြင့် သူတို့၏တပ်များကို မောင်တောတွင် သူတို့ ထိန်းချုပ်ထားသည့် နယ်မြေများနှင့် ဘူးသီးတောင်တို့တွင် အတည်တကျအခြေကုပ် ဖြန့်ကျက်ကာ မထားရှိနိုင်ခြင်းမှာ ထင်ရှားသည်။ လက်ရှိအခြေအနေက AA ကိုဆန့်ကျင်မည့် အစီအစဥ်များကို ဆက်လက်လုပ်ဆောင်ရန်နှင့် အထောက်အပံ့တချို့ သူတို့လက်ထဲတွင် ထိန်းထားနိုင်ရန် အာဆာကို အခွင့်အရေးရစေသည်။ ထို့အပြင် မူဆလင်လူငယ်တချို့ အေအေကို တိုက်ခိုက်ရန် စစ်တပ်ထောက်ပံ့ပေးထားသည့် စစ်သင်တန်းကို မိမိသဘောဆန္ဒအလျောက်ဝင်ရောက်ခြင်းများ ရှိခဲ့သည်ဆိုသော အတည်မပြုနိုင်သည့် အစီရင်ခံစာများလည်း ရှိခဲ့သည်။

မူဆလင်ဘာသာရေးခေါင်းဆောင်များနှင့် ကျောင်းဆရာများက “အာဆာအနေဖြင့် တချို့မူဆလင်ရွာများတွင် ထောက်ခံမှုများရရှိနေသည်” ဟု အတည်ပြုပြောကြားကြသည်။​ ”အေအေကို ဆန့်ကျင်ကြတဲ့ လှုပ်ရှားမှုတွေမှာ အရမ်းဝေးလံတဲ့ ရွာတွေက မူဆလင်တွေ ပူးပေါင်းလာတာကို ရှင်းပြနိုင်တဲ့ အုပ်စုတချို့ကြား ဘူးသီးတောင်မှာရှိတဲ့ ထောက်ခံသူတွေကို အာဆာက စာရင်းလုပ်ထားတာရှိတယ်” ဟု ရသေ့တောင်မြို့ရှိ၊ မူဆလင်ဘာသာရေးကျောင်းတခုတွင် စာသင်ကြားပေးနေသည့် ကျောင်းဆရာ မိုဟာမတ် နို က the Diplomat သို့ပြောကြားသည်။​ လက်ရှိတွင် “အာဆာကို ထောက်ခံသည့်နေရာမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ် နေရာနှင့် မောင်တောမြို့နယ်လောက်သာ ကျန်သည်” ဟု သူကဆိုသည်။​

အာရက္ခတပ်တော်က ဘူးသီးတောင်မြို့နှင့် ထိစပ်နေသော ဒေသများတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားသည်။ ထို့အပြင် ကုလားတန်၊ မေယု၊ ကုလားပန်ဇင်း မြစ်များ ကမ်းပါးတလျှောက် အပြင် တခြားမြို့များဆီ ဦးတည်သည့် လမ်းကြောင်းတလျှောက်နှင့် မြို့တွင်းတွင် စစ်ဆေးရေးဂိတ်များ တည်ဆောက်ထားသည်။

အာရက္ခတပ်တော်၏ အလယ်အလတ်အဆင့်ရှိ အကြီးအကဲတစ်ဦးက “အာဆာကို အမာခံထောက်ခံသူများကို “ဆန့်ကျင်သူမူဆလင်”ဟု သူကသုံးနှုန်းပြီး လွတ်မြောက်နယ်မြေများတွင် ရောက်ရှိနေကြသည်” ဟု ယုံကြည်လျှက်ရှိသည်။ အုပ်ချုပ်မှုစနစ်တွင် လူမှုအသိုင်းအဝန်းများအားလုံးပါဝင်လာရေး ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ အစီအမံသည် ဘူးသီးတောင်နှင့် မောင်တောရှိ အာဆာထောက်ခံသူများမှ အခက်အခဲကို ကြုံတွေ့နိုင်သည်ဟု အမြင်မျိုးရှိသည်။​

စစ်ကောင်စီ၏ မပြတ်တမ်း လေကြောင်းတိုက်ခိုက်မှုအန္တရာယ်က ဤအစီအစဥ်ကို နှောင့်နှေးစေနိုင်သည့် အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ငွေကြေးအရင်းအမြစ် မပြည့်စုံမှု အကန့်အသတ်ကိုလည်း တွေ့ကြုံနေရသည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဤအစီအစဥ်မှာ ပိုခက်ခဲနိုင်ဖွယ်ရှိပြီး ဤကဲ့သို့ သီးခြားနေရာတွင် အတင်းဖိအားပေးကာ ဆက်ဆံရမည့် ဆက်ဆံရေးအခြေအနေများနှင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများကြောင့် မတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်းများကြား ပြန်လည်သင့်မြတ်ရေးမှာ အမြင် အမျိုးမျိုးကွဲပြားနေပါလိမ့်မည်။

ထို့ကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ “အားလုံးပါဝင်နိုင်မည့် အုပ်ချုပ်မှုစနစ်”၏ ရလာဒ်မှာလည်း ရှင်းရှင်းလင်းလင်း မရှိလှပေ၊ သို့ရာတွင် ဤအစီအမံသည် အာရက္ခပြည်ရှိ လူမှုအသိုင်းအဝိုင်းများအားလုံး၏ အနာဂတ်အပေါ် မလွှဲမသွေ အကျိုးသက်ရောက်မှု ရှိလာပါလိမ့်မည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ